အရင်လိုပါပဲလို့ သံပြိုင်အော်တော့ ကျွန်တော် အတော့ကိုမူးနေပြီ။
ကျွန်တော့်သူငယ်ချင်းတွေလဲ မူးနေလောက်ပြီ။
လက်ထဲက Guitar က Chords တွေကို ဘယ်လိုလိုက်ပြောင်းနေမှန်းတောင်မသိတော့ဘူး။
ဘေးကသူငယ်ချင်းက အောင်မြင့်မြတ်ချကွာ ဆို အဖြူရောင် အရည်တစ်ချို့ထပ်ထည့်ပေးတာမှတ်မိတယ်။
"ဒီနေရာကမင်းသိတဲ့ အတိုင်းပဲ ပတ်ဝန်းကျင်တစ်ခုလုံးရက်ရက်စက်စက်အေးစက်နေတာ မင်းရင်ဘတ်ထဲကို
နွေးထွေးတဲ့ ဒီအရက်ပဲဝင်နိုင်တယ်" လို့ပြောမှ ပတ်ဝန်းကျင်ရင် အေးစက်မှုဒဏ်ကိုသတိထားမိတယ်
နောက်ပြီး တစ်ကြိုက်မော့ချလိုက်တယ်။
"ကဲကဲ နောက်တစ်ပုဒ်"လို့ တစ်ယောက်က ထပြောတော့ ကျွန်တော်က
ကိုယ့်ဟာကိုမှန်မယ်ထင်တဲ့D key လေးနဲ့ ထူးအယ်လင်းနဲ့ မီးမီးခဲ ဆိုထားတဲ့ "မင်း" ကို
Intro အလုံးလေးတွေ စတီးလိုက်တယ်။
"ကမ္ဘာလောကကြီးခဏရပ်တံ့သွားသလိုပဲ ငါထင်တယ် မင်းနဲ့ဆုံတိုင်းကွယ်" ဆိုတဲ့စာသားကို စဆိုလိုက်တော့
သူငယ်ချင်းတွေက စိတ်မကောင်းသလိုကြည့်တယ် ပြီးတော့လိုက်မဆိုကြဘူး။
Chours ပိုဒ်မှာ မင်းဆိုတာ "မီး" ဆိုပြီးအစားထိုးဆိုဆိုနေလို့ မင်းရူးနေပြီလို့ သူတို့ပြောဘူးကြတာကိုး။
"သေချာတယ် ငါ့ရဲ့အသက်ဟာ မင်းပဲ"လို့သီချင်းကိုဆုံးချိန်မှာတော့ သူငယ်ချင်းတစ်ယောက်က ပုခုံးကိုလာ ကိုင်ပြီး။
"သားကြီး ငါစိတ်မကောင်းပါဘူးကွာ"လို့ပြောတော့ ကျွန်တော်"၀မ်းသာမိသေးတယ်"
ကျွန်တော်ပြန်ရောက်နေတဲ့ အရပ်ကနေ သူ့ စီကို မိသားစု ဘ၀တစ်ခု နွေးထွေးမှုတစ်ခု ကို မျှော်လင့်ပြီးထွက်သွားခဲ့တာ
လွန်ခဲ့တဲ့ ရှစ်လလောက်ကပေါ့။ အခုလိုပြန်လာဖြစ်လိမ့်မယ်လို ကြိုမတွေးထားလို့ အပြီးနှုတ်ဆက်ခဲ့တဲ့ အကိုလိုကျွန်တော့်အပေါ်ကောင်းတဲ့
သူငယ်ချင်းက "မင်းကြောင့် ငါတို့ဘယ်လောက်ရင်နာခဲ့ရလဲ"လို့ပြောတုန်းက အင်မတန်စိတ်မကောင်းဖြစ်မိတယ်။
"ဘာဖြစ်ဖြစ်ပြန်တွေ့တာဝမ်းသာတယ်"လို့ပြောပြီး ပွေ့ဖတ်လိုက်တော့မှ အေးစက်စက်အရပ်ဒေသက နွေးထွေးမှုကို ရှားရှားပါပါးရှာတွေ့ခဲ့ရတာ။
ကောင်မလေးရေ မင်းတို့ရဲ့ ခပ်ပူပူ အရပ်ဒေသ က မင်းပြောခဲ့တဲ့ အချစ်တွေက နားလည်မှု ဆိုတာ တည်ဆောက်ဖို့မှမဖြစ်နိုင်ခဲ့ကြပဲ။

ခပ်ကြမ်းကြမ်း အဖြူရေတွေကို တလှည့် ရေကိုတလှည့် သောက်ပြီး ပဲကြမ်းတစ်စေ့နှစ်စေ့ဝါးပြီးတော့ခွဲသွားတဲ့ သူငယ်ချင်းတွေအကြောင်းပြောတော့ ပြောမိသေးတယ်"ဘယ်လိုမှ မထင်ထားတဲ့ခွဲခွာမှုတွေနဲ့ ငါတို့ခွဲခွာခဲ့ရတယ် ဟောအခု ဘယ်လိုမှ မထင်နဲ့ ဆုံစည်းမှုတွေနဲ့ ပြန်ဆုံကြတယ်
တစ်နေ့ပြန်ဆုံရမယ်"ဆိုတဲ့ ယုံကြည်ချက်တွေ ပြန်ပြည့်လာတော့အားလုံး ၀မ်းနည်းတာ နည်းနည်းလျော့သွားကြတယ်။
အဲ့ဒိစကားကိုလက်လွတ်စပယ်ပြောပြီးတော့ အရက်ခွက်ကို မော့ချလိုက်တော့မှ စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်။
"ကောင်မလေးရေ မင်းနဲ့အတော်ဝေးကွာသွားကြပြီ" အလင်းမျှော်စင်ထဲကလို မျှော်ခဲ့သလို မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ နေ ကနေတောင် နေရောင်ခြည် ရောက်နေနိုင်တာပဲ ဆိုတဲ့ယုံကြည်ချက်တွေ ပြောက်သွားပြီကွာ.။ ဒီနေရောင်ကို ကမ္ဘာကတောင် အချိန်အပိုင်းအခြားနဲ့သာ ပိုင်ဆိုင်ခဲ့ရတာ
မဟုတ်လား။ တစ်ဖက်လင်းဖို့ တစ်ဖက်က မှောင်ပေးခဲ့ရတာချည်းပဲလေ။ ငါကလောဘကြီးပြီး ပိုင်ဆိုင်ချင်ခဲ့တာ....။
ငါဆိုတဲ့ကောင်က အလင်းတိုးမပေါက်မှောင်တာလေ ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အလင်းဆိုတာ ကို မျက်စိကြိမ်းစွာခံစားခွင့်ရတဲ့တာအတွက်ပေါ့။
အခုတော့ ငါ့အရင်ဘ၀ အရင်နေရာမှာငါ ပျော်ပျော်ကြီးအသက်ရှင်ဖို့ အဆင်ပြေပြီ...။မင်းကတော့ မေ့လျော့ဖို့ အဆင်သင့်ဖြစ်နေပါပြီလေ။

အချိန်အခါမဟုတ်တဲ့ရွာချတဲ့မိုးကြောင့် နည်းနည်းလန့်သွားသေးတယ် နောက်တော့ဒီနေရာမှာထူးဆန်းတဲ့ကိစ္စမဟုတ်တော့စိတ်ထဲကပြုံးလိုက်မိသေးတယ်။
နောက်တစ်ပုဒ်ကတော့ F Chord လေးကိုကိုင်ပြီး "မိုးစက်တွေနဲ့ လေနဲ့ရောပြီးအပြေးနှင်လို့ရွာလေတိုင်း...."ဆိုပြီးIntro လေးအော်လိုက်တော့ သူငယ်ချင်းတွေအကုန်တူတူလိုက်ဆိုကြ နောက်Guitarတစ်လက်နဲ့ သူငယ်ချင်းတစ်ယောက်က ၀င်တီးနဲ့ကျွန်တော်တို့ ပွဲလေးကစိုစိုပြေပြေလေးပြန်ဖြစ်သွားပါတယ်။
နောက်တစ်ခွက်ပြီး နောက်တစ်ခွက် နောက်တစ်ခွက်နဲ့ အတော်မူးလာတဲ့အချိန်မှာတော့ ခေါင်းမိုးကယိုနေတဲ့ ရေကိုတောင်ဂရုမဆိုက်အားတော့ဘူး ထိုးအိပ်ဖို့ပြင်ကြတော့ သူချုံနေတဲ့စောင်လေး လာခြုံပေးတဲ့ သူငယ်ချင်းစီကနေ အတော်နွေးနွေး ခံစားချက်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ် ။ "သူငယ်ချင်းမင်းခြုံအိပ်ပါကွာ"လို့ ပြန်ပေးလိုက်တော့ သူကတို့က အကုန်တူတူခြုံအိပ်ကြမယ် ပြောတော့မှအကုန်သဘောတူကြတယ်။ အဲ့အချိန် အကိုတစ်ယောက်က "မင်းစောင်အားလုံးထက်နွေးမဲ့စောင်လေး ရှိတယ်လေကွာ" လို့ပြောပြီး ကျွန်တော့်ပစ္စည်းထည့်တဲ့အိပ်ကိုမေးငေါ့ပြတော့ "ကျွန်တော်ဒီစောင်ကိုခြုံတော့အိပ်မှာပါ ဘယ်တော့လဲဆိုတော့ ကျွန်တော်အောင်မြင်တဲ့နေ့"လို့ပြောတော့ အံ့သြသလိုကြည့်နေတယ် နောက်တော့မှ "အဲ့ဒါ သူမကိုမေ့သွားမဲ့နေ့ပေါ့အကိုရာ" လို့ပြောတော့ "ဆောရီးညီလေးရာ"ဆိုပြီးပြန်ပြောတယ် နောက်တယ်တူတူအိပ်ယာ ၀င်ဖြစ်ကြတယ်။ မိုးစက်တွေနဲ့အတူ အလွမ်းတွေကလဲ တဖွဲဖွဲ။

တစ်စုံတစ်ရာကိုနားလည်ဖို့အဆင်သင့်မဖြစ်ခင်
ငါတို့က မေ့လျော့ဖို့ပြင်ဆင်ခဲ့တာနော်...။
ချစ်သူရေးပေးခဲ့တဲ့ ဘ၀နေ့စွဲတစ်ချို့ကို
ဆေးရောင်မှိန်မှိန်နဲ့ ပြန်တွေ့ခဲ့ချိန်
သူ့ပေးခဲ့တဲ့ခွန်အားနဲ့ မျှော်လင့်စွာတက်ခဲ့ဖူးတဲ့
တောင်ထိပ်မှာ အသံကုန်အော်ပြစ်လိုက်တယ်
အလွမ်းတွေအကြောင်းပေါ့။

နောက်ဆုံးမှာဝန်ခံခြင်း
ကျွန်တော်ဒီလိုစာမျိုးတွေ မရေးဖြစ်အောင်ထိမ်းသိမ်းသည့်ကြားက မရည်ရွယ်ပဲရေးမိသွားတယ်။အမှန်အတိုင်းဝန်ခံရလျှင် ဒီအလွမ်းတွေက ကျွန်တော့် အက်ကွဲသံတွေပါ။ ဒါပေမယ့် ဒီစာထဲတွင်ပါဝင်သော သက်ဆိုင်သူအား မည်သို့မည်ပုံမျှ စိတ်အနှောက်အရှက်ပေးလိုခြင်း၊ အကြောင်းကြားလိုခြင်းမရှိကြောင်း
မိမိကိုယ်ကို ယုံကြည်သဖြင့် လိပ်ပြာသန့်စွာနဲ့ ကျွန်တော့်blog တွင်ရေးသားလိုက်ပါသည်။ ကျွန်တော်က ချစ်ခြင်းတရား၏ ပါဝင်ပစ္စည်းများအနက်မှ အလွမ်းများ အကြောင်းအား အောက်သက်ကြေစွာ ဖတ်ရှုခဲ့သူတစ်ဦးပါ...။

0 Comments:

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.