အဲ့ဒိစာရွက်သေးသေးလေးတွေပေါ်မှာ
ငါမညီမညာရေးခဲ့သင့်တယ်။
ခလုပ်တိုက်မိတိုင်း တွေးမိတာ
အဲ့ဒိသွေးမတိတ်တဲ့ အတိတ်တွေပဲ
ငါဟာ မဝယ်ပေးဖြစ်ခဲ့တဲ့ Stich အရုပ်တွေကို
မတော်တဆတွေ့ရင်သတိရတက်လာတယ်
ငါဟာ ရုပ်ရှင်ဇာတ်ကားဟောင်းတချို့ကို
အကြောင်းမဲ့ပြန်ကြည့်တက်လာတယ်
တစ်ခါတစ်ခါ တစ်နာရီ80kmနီးပါးနဲ့
ငါ့စီရိုက်ခတ်နေတဲ့
မိုးရေစက်တွေနဲ့တူတူသတိရတက်တယ်။
မင်းသိလား ငါဟာ
သွေးထွက်သံယိုမှုများတဲ့ကဗျာဆရာတစ်ယောက်ပဲ
တစ်ခါတစ်ခါ ငါ့လူမဖတ်သင့်တဲ့ စာရွက်တချို့မှာ
မင်းအကြောင်းဖြူဖြူစင်စင်ထည့်ရေးမိတဲ့ အထိ
ငါသတိရတက်လာတယ်။
ပြီးဆုံးသွားမှုတွေကို မသိစိတ်ကတွန်းလှန်မှုတွေနဲ့
မျက်ခုံးပေါ်က Tatoo လေးတွေက ငါ့အလွမ်းပဲ….
ဘာဖြစ်ဖြစ်အတိတ်ဆိုတာနှစ်ဦးပိုင်တယ်…
တံပိုးမှုတ်သူတစ်ရာ ရဲ့ဂီတသံမှာ ငါ့ ဆင်ခြင်တုံတရားကြီးပါသွားတယ်
အရာရာဟာငါ့ထက်ကြယ်ဝန်းပါတယ်…
ငါပိတ်မိခဲ့တဲ့ခြောက်တွေအများကြီး…
ကစားပွဲတွေ ငါ့အနီကတ်တွေ ဒဏ်ရာတွေ ရယ်ရပါတယ်
ငါဟာရယ်ရပါတယ်….။
ပြီးသွားပြီဆိုတာကိုလက်ခံလိုက်ဖို့ ငါတို့
ကော်ဖီဆိုင်ကို ငါရောက်ဖြစ်တော့မှမဟုတ်ပါဘူး။

နောက်ဆုတ်စရာတစ်လမ်းမှမရှိဘူး။
ရယ်ပြပြီးပြန်ရွှေ့လို့ရတဲ့ လမ်းဘေးက
Cheesကစားပွဲမဟုတ်ခဲ့ဘူး…
ငါ့အမြစ်တွေနဲ့ ငါကိုငါရစ်ပတ်
လုံခြုံသွားတယ်…
ရေလောင်းပြီးမှ ရိတ်သိမ်းပါဆိုတာမျိုး
ကြိုးမိန့်ကျနေတဲ့ လူရဲ့နောက်ဆုံးဆန္ဒမျိုး
နောက်ထပ်နောက်ထပ်ရဲရဲကြီးသတ်သေပြစ်ရမဲ့ အတိတ်မျိုး
နောက်တစ်ခါ ပြန်စလို့ရရင်လဲ ဒါမျိုးဆိုတာရှိလာဦးမှာပဲ
အနိမ့်အမြင့်အတက်အကြတွေကို သံစဉ်လေးနဲ့ ထောက်ပံ့ပေးထားရအောင်
ရုပ်ရှင်လား….။
ငါဟာ … ပွင့်လွယ်၊ကြွေလွယ်၊မျှော်လင့်လွယ်ခဲ့ပါတယ်….။
ထူးထူးခြားခြားအသိလေးနဲ့ အရာရာခံစားခဲ့တဲ့ငါဟာလည်း
ဒုက္ခနဲ့တည့်တည့်ကနတ်သားပဲ။
နောက်ထပ်..
နောက်ထပ်..
နောက်ထပ်..
အဲ့ဒိနောက်ထပ်တွေက ရှိဦးမှာပဲ ငါရှိလဲရှိနေမှာပဲ၊ငါမရှိလဲရှိနေမှာပဲ၊
ဘာကို ခံစားချင်နေရတာလဲ၊ကလေးဆန်မှုအပေါ်
လိုက်ပါသွားတဲ့ကလေးဆန်မှုတွေ…..။
ငါငါ့ကိုငါ ကောက်တွေ့ရတုန်းက ရေစက်တွေနဲ့ရေချိုးခန်ထဲမှာ
ငါဟာဖြေသာအောင်ဖြေခဲ့ရတဲ့တရားတွေ
မေ့သွားစေတဲ့ ပျော်ဝင်ရည်တွေ ဖျော်ဖြေမှုတွေနဲ့နေထိုင်တာ
ခင်ဗျားတို့ရော သေသေချာချာမပျော်ခဲ့ဘူးမဟုတ်လား…။
ဘဝမှာက မတော်တဆသာယာလိုက်ဖို့ဆိုတာ အတော်မလွယ်တာ။
ငါဟာတရာခံရှာမတွေ့တဲ့ ပန်းချီကားတစ်ချပ်ဖြစ်ခဲ့တာ….
ဒီအသွေး၊ဒီအရုပ်တွေကို ဘယ်သူရေးဆွဲခဲ့လဲ……။
ဖြေစရာတောင်ရှာမတွေ့ခဲ့ရဘူး။
ညွှန်း ->မောင်သိန်းဇော်ရဲ့ ဒုက္ခနဲ့တည့်တည့်က နတ်သား။

ဘဝ။

ဇာတ်ကောင်နည်းနည်းကျဲကျဲ နဲ့ ကြည့်ကောင်းအောင် ရိုက်ခဲ့တာမဟုတ်ဘူး။
ဒုက္ခဇာတ်ကောင်သန်းခြောက်ထောင်ကို ဘယ်သူပုလင်းထဲထည့်ခဲ့ပါလိမ့်။

ရုပ်ရှင်။

ဖြစ်ရပ်မှန်တွေမှာတောင်၊ဖြစ်ရပ်တွေကမမှန်ခဲ့ဘူး…
အရာရာဟာ စိတ်ကွယ်ရာ…

ဇွဲ..။

ဒီတောင်ကိုမကျော်နိုင်တော့ရင်လဲကိစ္စမရှိပါဘူး။
လာပါ ဒီတောင်အောက်မှာပဲ
အခြေချကြစို့…။

အမှောင်အတိ။

အရှုံးဆိုတာရှိတယ်
အဆုံးဆိုတာ က
ရှာမတွေ့ ဖြစ်နေတာ..။

ပျော်ရွှင်မှု။

ငါဆိုတာ ဘယ်တုန်းကမှ
သေသေချာချာ
မရှိခဲ့ရပါဘူးကွဲ့…။

ဆုံးရှုံးသွားမှု။

နောက်ကျတယ်
စောတယ်
ရယ်လို့ မဟုတ်ပါ​ဘူး
ဘဝကိုက အချိန်မမှန်တာ…။

ပုံသေကားချပ်။

ခင်ဗျားဟာ
လွတ်သွားခဲ့တဲ့ ငါးဖြစ်မယ်ဆိုရင်
ကြီးအောင် ကြိုးစားဖို့ လိုအပ်ပြီ..။

တကယ်တော့ရထားတစင်းပါ
ဝင်လာထဲက တိုးတိုးတိတ်တိတ်လေးခုတ်မောင်းခဲ့တာ
အသံအချို့ အပြုံးတချို့နဲ့ သူဝင်လာတုန်းကဆူညံဘူးခဲ့ပါတယ်
စိတ်ရှုပ်တယ်ထင်စရာဖြစ်ခဲ့မိပေမဲ့ အသားကြမှုတွေနဲ့ သာယာတက်လာခဲ့တာ
အတိတ်တွေမှာလဲသာယာခဲ့ဖူးပါတယ်....
အမှတ်မဲ့စွာ တိတ်တဆိတ်သိနားလည်မှုတွေနဲ့ သာယာမိပြန်တယ်
ဖြစ်စဉ်အတိုင်း ငါ့စီက ထွက်ခွာသွားမယ်ဆိုတာ မေ့သွားခဲ့တာ
အချိန်ဆိုတာရောက်လာတော့ မိုးတွေတောင်ရွာပေးနေသေးတယ်
ငိုမိတာပါပဲ... ငိုမိတာပါပဲ ... ငါ ငိုခဲ့တာပါပဲ....

ကိုယ့်ကိုကို အမှတ်မဲ့စွာ ငါသာယာမိခဲ့တာ....
သေချာပါတယ် ငါနောက်ဘယ်တော့မှ
အလံကိုဝှေ့ယမ်းဖြစ်တော့မှာမဟုတ်ဘူး....။
ဒါဟာ...
အနာဂါတ်မရှိတော့တဲ့ ဘူတာရုံလေးရဲ့သစ္စာပဲ....။

သမိုင်း...။


ပထဝီထဲရောက်နေပါပြီဆိုမှ
အတင်းဆွဲထည့်နေတယ်
တက်လဲတက်နိုင်ကြပါတယ်...။

သွေးမတိတ်။


ကျွန်တော် အချစ်အကြောင်း
ကောင်းကောင်း သိပါတယ်။

အနာဂါတ် ။


မနက်ဖြန်အတွက်
ပါဝင်ပစ္စည်းတွေက ငါ့အတွက်
လေညှင်းမဟုတ်တာသေချာတယ်
ဒါလည်း မသေချာခြင်းတစ်ခုပဲလေ။

ကမ္ဘာကျော်ပျက်လုံး။


ကျွန်တော် အချစ်ဆိုတာကို မုန်းနေပါပြီ။

မယုံကြည်ချက်။


ကျွန်တော် ရှိသည်ဖြစ်သည်ကို သံသယဖြစ်နေတာကြာပြီ
ဒါကရော ရှိမှု ဖြစ်တည်မှု တစ်ခုပဲလား
ဒါဆိုလဲ လည်နေတာကြီးကတော့ လည်နေဦးမှာပါပဲ။

ပင်လည်ထဲကပုံပြင်။


ကမ်းစပ်ကိုတွေ့ရှိဖို့
မျှော်လင့်ယုံပဲရှိရမှာပါ
နစ်သေမှာကို
ဒီတိုင်း
လက်ခံလိုက်ဖို့ဆိုတာ လဲမဖြစ်သေးဘူးလေ...။

ကိုယ်ပိုင်ဖြစ်တည်မှု


ငါတို့က ဒီ အသွေးတွေ၊အသားတွေ နဲ့ပဲ
အသက်ရှင်ပြီး ဒီအသွေးတွေ၊အသားတွေအတွက်ပဲ
အသက်ရှင်နေကြတာမဟုတ်လား။
ဒီထက်ပိုတဲ့အရာတစ်ခုရှိသေးတာ ဟုတ်လို့လား?

အောင်မြင့်မြတ်
ရောက်ရာအရပ်မှာ ရေးဖြစ်ခဲ့သောကဗျာများ။

အလွမ်းတွေက မိုးရေစက်တွေနဲ့တွေ့အခါ ဆို့တက်လာတယ်ပေါ့။
အချစ်ဆိုတာ လက်ကောက်ဝတ်ကိုဖြတ်ပြစ်တဲ့ တစ်ခါသုံးဘလိပ်ဓါးလေးတွေလား။
ငါနာကျင်နေတယ် နောက်ပြီး အားလုံးပြာတွေကြနေတာပါပဲ။
အဲ့ဒါမင်းနားမလည်ခဲ့တာကြီးပေါ့ မင်းမသိတာ အဲ့ဒိပြာမှုန့်လေးတွေက
အေးခဲနေတယ်ဆိုပါတော့ ။  မင်းရော ငါ့ကိုသတိရတဲ့အခါ Mocha တွေမှာသောက်ဖြစ်သေးလား၊
ခေါင်းသွားလျှော်ဖြစ်သေးလား။ အဲ့ဒိအချိန်တုန်းက ငါခေါ်ခဲ့တဲ့ နာမ်စား ၊ လေးမှတ်မိနေသေးလား ။
မိုးရေထဲမှာလျှောက်သွားဖြစ်သေးလား။ ငါမင်းနာမည်ကို အကြယ်ကြီး ချရေးပစ်လိုက်ခြင်တယ် ။
ဒါဟာ ကံတစ်ပါးကို ကျူးလွန်ရာရောက်ခဲ့မယ်ဆိုရင်တောင် ငါ့မှာဖြေစရာ တရားတွေမရှိခဲ့ဘူးဆိုပါတော့။
နာကျင်မှုတွေက ထုံလာတဲ့အခါ ငါ မိုးရေတွေကြားက မင်းနှုတ်ခမ်းတစ်စုံက အလွမ်းတွေဖြစ်လာတယ်။
မျက်လုံးတွေမှိတ်ထားလိုက်တယ် အဲ့ဒိအခါ ငါ့ပတ်ဝန်းကျင်အကုန်လုံးက မင်းဖြစ်သွားတယ် ။
အဲ့ဒိတုန်းက မင်းသတိထားပြီး ဘယ်ဘက်မှာ နေခဲ့တာကို မှတ်မှတ်ရရသတိရတယ် ၊
ငါက သရဲဘောကြောင်ခဲ့ပါတယ်။ ငါတို့ တွေက သိပ်အရေးမကြီးဘူးဆိုတဲ့ အချစ်အပေါ်မှာ ဘဝ တစ်ခုဆောက်မိကြတာ ။
အခုတော့ ဟိုးတုန်းက ဂစ်တာလေး က အရင်ကထက်အသံကောင်းလာတယ် ၊ ငါလဲအရင်ကလိုမဟုတ်တဲ့ သီချင်းတွေတီးဖြစ်တယ် ။
မိုးရေတွေထဲမှာပဲ ငါ့ရင်ဘတ်ကြီး အရည်တွေပျော်သွားခဲ့တယ် နောက်ပြီးအေးခဲသွားတယ် ။
အချိန်တွေကြာပေမဲ့ ငါ့ရင်ဘတ်ကြီးက အခုထိ စိုရွှဲနေသေးတယ် ။ ဘယ်သူတွေဘာပြောပြော ငါ့အတွက် အချစ်ဆိုတာ
သူမမျက်ခုံးပေါ်က Tattoo လေးဆိုလဲ သူမရယ်နေမှာ ယုံကြည်ပါတယ်။
အခုအချိန်ဘာမှမပက်သက်တော့ပေမဲ့ အလွမ်းတွေကို စနစ်တကျ မွေးမြူပြီး စနစ်တကျအသဲကွဲတက်တဲ့ကျွန်တော့်အတွက်
အဲ့ဒိအနုပညာ ဆန်ဆန် ဖန်တီးခဲ့တဲ့ အတိတ်တွေကို ထိုင်သတိရနေတက်ပါတယ်။
ဒီကိစ္စတွေကို သူမ မသိစေခြင်ဘူး၊ ဒါပေမဲ့ သိလဲသိသွားစေခြင်တယ်၊ ဒါဟာ ကံတစ်ခုခုကို
ချိုးဖောက်ရာရောက်လဲ ကျွန်တော် တရားနဲ့ ဖြေနိုင်ခဲ့မှာ မဟုတ်ဘူး။
အောင်မြင့်မြတ်
ညနေ ၄း၁၃ (July 12 2012)

အများအတွက်တော့ ပုံမှန်ညိုအုပ်အုပ်ညနေခင်းပါပဲ။ ဂဏန်းသုံးလုံးမပြည့်တဲ့ လူဦးရေရဲ့ အသက်ရှူသံတွေမှာ ကျွန်တော် ရောနှောသွားခဲ့တယ်။ ပလက်ဖောင်းပေါ်က ကားမရပ်ရလို့ အဓိပ္ပာယ်ရတဲ့ အဖြူတကွက် အနီတကွက် ဆေးရောင် တွေကိုတောင် ရောထွေးစေလောက်တဲ့အမြန်နှုန်းကို သတိထားမယ်။ နောက် ဘေးပြတင်းပေါက်က မိုးရေစက်တွေက ပြောပြနေတဲ့ ဇူလိုင်လဆိုတဲ့ အချက်ကို ကျွန်တော်သတိထားမိသွားတယ်။ တဖက်မှာဘာတွေရှိမလဲဆိုတာနဲ့ မရေရာမှုတွေနဲ့ ပုံလောင်းတဲ့အထိ ပုံခဲ့မိတယ်။ ယုံကြည်ထားချက်တွေဟာ လက်တွေ့မှာဘာမှမရေရာဘူးဆိုတဲ့ ဆင်ခြင်တုံတရားကြီးနဲ့ ကျွန်တော် မယိမ်းယိုင်းသွားအောင် အားတင်းနေရတယ်။ နောက်ပြီး ကြာရင်ဝေးသွားလိမ့်မယ်ဆိုတဲ့ သိနားလည်မှု။ ဒါဟာ တကယ့်ဝမ်းနည်းစရာဖြစ်ရပ်ပဲ။ တစ်ရာမကရှိတဲ့မိုင်တိုင်တွေကို အားတင်းပြီး ခြေထောက်ဆန့်ခဲ့တဲ့ညနေခင်းတစ်ခုမှာပေါ့။

ဘယ်သူ့အတွက်မဟုတ်ဘဲ မှောင်လာတဲ့ညနေခင်းက ကျွန်တော့် အတိတ်တွေကို တူးဖော်စေချင်နေတဲ့ မျက်နှာပေးမျိုးနဲ့ နှုတ်ဆက်တယ်။ နောက်တော့ ကားအရှေ့ကဖွင့်လိုက်တဲ့ သာမန်မြန်မာဇာတ်ကားတစ်ခုနဲ့အတူ လူတစ်ချို့ရဲ့ အပန်းဖြေမှုတွေ လွင့်ပျံ့နေခဲ့တဲ့ညနေဟာ အခုတော့လဲ တိတ်ဆိတ်မှုတွေနဲ့ လှလှပပလေးမှောင် သွားခဲ့တယ်။ အင်းယားကန်ဘောင်၊ ၁၉လမ်း၊ ဖုန်တွေထနေတဲ့ တက္ကသိုလ်ကျောင်း၊ နီကြောင်ကြောင် ရွှေအိုရောင် အရည်လှလှလေးတွေ၊ အဆုပ်ထဲစွဲနေစေပြီး ပြာအဖြစ်ထွက်ခွာသွားခဲ့တဲ့ နိုကိုဒင်းအတိုင်လေးတွေ၊ သွားတက် လေးတွေနဲ့ နာမည်သုံးလုံးပိုင်ရှင် လေးငါးယောက်ရဲ့ရာဇဝင် အစအစရှိတဲ့ အတိတ်တွေက အစီအစဉ်မကျ ထွက်ပေါ်လာပါတော့တယ်။ အတိတ်ဆိုတာ မကြာမကြာထုတ်ကြည့် ဖြစ်တဲ့ ဦးနှောက်ထဲက အယ်လ်ဘမ်တစ်အုပ်ပါပဲ။ ပြီးတော့ လက်ရှိအခြေအနေကနေ ကျွန်တော်ခဏလန့်နိုးသွားတယ်။

လင်ကွန်းကလမ်းလျှောက်နှေးတယ် (တဲ့)။ ဒါပေမဲ့ သူက တည့်တည့်ပဲလျှောက်တယ်(တဲ့)။ ဘယ်လိုတည့်တည့် လျှောက်လျှောက်ပါ၊ တကယ်တော့ ဘယ်အရာမှမဖြောင့်ခဲ့ပါဘူး။ ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ အကျတွေအတက်တွေ၊ အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး မြင်နိုင်တဲ့အကွာအဝေးတွေ မမြင်နိုင်တဲ့အကွာအဝေးတွေ၊ မမြင်နိုင်တဲ့ နီးကပ်မှုတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလင်းအမှောင်တွေနဲ့ ကိုယ့်အခန်းကိုယ် စီရင်ခဲ့ကြရတာပဲ။ ခပ်လင်းလင်း ဖြစ်အောင်တော့ ကြိုးစားကြည့်ကြတာပေါ့…။

မှတ်ဉာဏ်တွေရယ် မြူခိုးတွေနဲ့ ဝေဝါးနေတဲ့အနာဂါတ်ရယ် ကနေ ခပ်မှောင်မှောင် လမ်းကြောထဲကို မကြာခဏ ထကြည့်မိတယ်။ မရေရာမှုတွေ၊ မလုံခြုံမှုတွေရယ်ကြား ကြိုးစားအားတင်းရင်း နေရတယ်။ နောက်ပြီး အစိမ်းရောင် ခပ်ပုတ်ပုတ်တွေကို ကျွန်တော် ကြောက်လန့်နေမိတယ်။ ရင်ခုန်မှုနဲ့အတူ အလင်းရောင်တစ်ခုကို ကျွန်တော် ယုံကြည်ပစ်လိုက်တယ်။ မနက်ဖြန်မှာ ကျွန်တော့်အနာဂါတ်ကို ထွန်းညှိဖို့အတွက်ပေါ့..။ တိမ်တိုက်တစ်ခုအတွက် ဆို့ဆို့နင့်နင့်ရွာချမိတော့မယ့် အခြေအနေမျိုးနဲ့ပေါ့။

ဖြေးဖြေးနှေးနှေးနဲ့ ဦးတည်ရာတစ်ခုခုကို လျှောက်ခဲ့မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့ ယုံကြည်ချက်ကို အင်အားဖြည့်ပေးနေမိတယ်။ အစီစဉ်တကျ ကြည့်ကောင်းအောင်ဖြစ်ပျက်နေတဲ့ ရုပ်ရှင်တကားမဟုတ်ခဲ့မှန်းလည်း ကျွန်တော်သိတယ်။  ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို ဆင်ခြင်တုံတရားကျော်လွန်ပြီး ကျွန်တော် မျှော်လင့်ခဲ့တာ။

အခုမြင်နေရတဲ့ တောင်တန်းတွေက မနက်ကြရင် စိမ်းနေမလားသိချင်နေမိတယ်။ အရင်ကလိုပဲ မြေပုံကားချပ်လို မဟုတ်တဲ့ တကယ့်လက်တွေ့ လမ်းမထက်မှာ ဘဝအကြောင်းတစ်ပိုင်းတစ ညည်းဆိုကာ ယုံကြည်မှုတွေ လွယ်ပြီး အနာဂါတ်တစ်ခုကို ကျွန်တော် ဦးတည်လျှောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ဇူလိုင်လ မိုးရေစက်တွေထဲမှာပေါ့။

အောင်မြင့်မြတ်
June 5’s 2:45AM
[Theme လရောင်လမ်း: ဇွန်လ၏မိုးရေစက်များကြား လမ်းလျှောက်ထွက်ခြင်း(ကိုတေဇာ)]

[Special thanks to Ko Tazar for editing the essays]


တကယ်ပါ....
သံယောဇဉ်ဆိုတဲ့ကြိုးမျိုး တကယ်ရှိမယ်လို့ ကိုယ့်ကိုကို လိမ်ညာခဲ့ကြတာ..(အချစ်၏အဓိပ္ဗါယ်ဖွင့်ဆိုချက် ၂ ကဗျာမှ)





 အမှန်ကဒီဇာတ်လမ်းမျိုးကပြန်ပြောပြရင်မကောင်းတဲ့ဇာတ်လမ်းမျိုး...
ဇာတ်လမ်းတွေထဲက အကြောင်းအရာတွေက အမှန်တရားဖြစ်ပါ့မလားသူ သံသယရှိတယ်
ဖြစ်ရပ်မှန်ဆိုတာတွေကို တောင်သူမယုံကြည်တော့ဘူး... အသက်ရှူသံတွေကို သံသယရှိတယ်
ဘဝကို သံသယရှိတယ် ... ရိုးသားမှုကို သံသယရှိတယ် အဖြူရောင်ကိုသံသယ ရှိတယ် အရာရာကို သူ သံသယရှိနေတယ်....။ သူကိုယ်တိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ဖြစ်နိုင်ချေ ရှိသော ဇာတ်လမ်းအဖြစ် ပြင်ဆင် တင်ဆက်လိုက်တာပါ...။ ဒီဇာတ်လမ်းက ဘယ်တုန်းကမှရှိခဲ့မှာမဟုတ်ပါဘူး... ရှိခဲ့ရင်တောင် ဘယ်နည်းနဲ့မှ ကမ္ဘာကျော်ဖို့မဖြစ်နိုင်တော့ပါဘူး....။ကမ္ဘာကျော်ဖို့ ဇာတ်နာဖို့လိုအပ်ပါသည်။ ကမ္ဘာကျော်ဖို့ မိမိကိုယ်ကိုယ်လိမ်လည်မှုအား အားပေးအားမြှောက်ပြုသော ဖြူစင်မှုများလိုအပ်ပါသည်...။ ကမ္ဘာ ကျော်ဖို့အတွက် ဘယ်တုန်းကမှမရှိခဲ့သော ရမ္မက်မဲ့သော ချစ်ချင်းမေတ္တာလိုအပ်ပါသည်...။ ဇာတ်ကောင်တွေက ပြီးပြည့်စုံဖို့လိုအပ်ပါသည်....။

ဗီလိန်တစ်ကောင်အတွက် ဇာတ်လိုက်က ဗီလိန်ပဲ....။

ဇာတ်လမ်းအစမှာ အရင်ကအတိုင်းပဲ Jack ကဖဲနိုင်မယ် နောက်ပြီး သင်္ဘောကြီးစီးကြမယ်ပေါ့... အဲနောက်ပြီးတော့ Roseကလည်းထီးလေးဆောင်းပြီး အရင်တုန်းကအတိုင်းပဲ လှလှပပလေး ဆင်းလာမယ် ကားပေါ်ကနေပြီး.....။ အဲ့ဒိအထိ ခင်ဗျား လည်းအရင်က Titanic ပဲလို့ထင်မှာ တကယ်တော့ ကျွန်တော့်ဇာတ်လမ်းကဘယ်နည်းနဲ့မှကမ္ဘာကျော်မှာမဟုတ်ဘူး...။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်အမှန်အကန်အကြံအစည်တွေနဲ့Jackနဲ့Roseကိုပေးညားပြစ်လိုက်မှာ...။

Jack ကနေနစ်မသေဘူးပေါ့ သင်္ဘောကြီးနစ်တော့မဲ့အချိန်  ကယ်ဆယ်ရေးတွေကရောက်လာတယ်  ပြီးတော့ တမင်တကာခိုးထားပြီး မတော်တဆ ပါသွားတဲ့ မျက်နှာပေးမျိုးနဲ့Deep Ocean Heart ကြီးကိုရောင်းစား လိုက်ကြ တယ်  အဲပြီးတော့ ကမ္ဘာကျော်သူဌေးကြီးတွေဖြစ်သွားကြတယ်ပေါ့ဗျာ အဲ ပြီးတော့ အဲ့တုန်းက Deep Ocean Heart ကိုပြန်ရှာတဲ့ ရတနာတူးတဲ့လူတွေလဲ ဘယ်တုန်းကမှ Titanicကိုပြန်ဖော်ဖို့ စိတ်ကူးမရှိတော့ဘူး...။  သူတို့လဲပြတိုက်တစ်ခုခုမှာဖြစ်ဖြစ် ဒါမှမဟုတ်ကမ္ဘာကျော် သူဌေးမကြီးတစ်ယောက် ရဲ့ပန်းချီကားထဲဖြစ်ဖြစ် သူတို့မြင်ဘူးကြမှာ နောက်ပြီး Roseရဲ့ ကိုယ်လုံးတီး ဓါတ်ပုံလဲ ဘယ်သူမှ မြင်ရတော့မှာမဟုတ်ဘူး... Leonardo Dicaprio ရယ် Kate Winslet ရယ်လဲဒီဇတ်ကားကိုရိုက်ဖြစ်ကြတော့မှာ မဟုတ်ဘူး နောက်ပြီး... Celine dion ဆိုတဲ့ ဟိုမမကြီးတစ်ယောက်လဲ ဒီသီချင်းဆိုဖြစ်တော့မှာမဟုတ်ဘူး...
နောက်ပြီး ကျွန်တော်တို့ရဲ့မှတ်ဥာဏ်ထဲမှာလဲ Titanic ဆို တာ Jack နဲ့Roseမတ်တပ်ရပ်ခဲ့တဲ့ သင်္ဘောကြီး အဖြစ်လဲ ရှိနေတော့မှာမဟုတ်ပါဘူး....။


တကယ်ပါပဲ ဒီလိုဇာတ်လမ်းမျိုးတွေက ဘယ်တော့မှရှိခဲ့မှာမဟုတ်ပါဘူး......။ကျွန်တော့်ဇာတ်လမ်းက ဘယ်တော့မှမရှိတော့မဲ့ဇာတ်လမ်းဆိုတာလဲယုံကြည်ပါတယ်။ ဒါပေမဲ့ဇာတ်လမ်းအဖြစ်ပဲမရှိမှာဆိုတာ ယုံကြည်ပါတယ်။ အလားတူဇာတ်လမ်းတွေ လက်တွေ့ဘဝမှာ ရှိနိုင်ဖြစ်နိုင်၊ ရှိနေဖြစ်နေ၊ ရှိခဲ့ ဖြစ်ခဲ့ နိုင်ပါတယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ်.... တကယ်တော့ ဇာတ်လမ်းက လက်တွေ့ဆန်လွန်းလို့ ဇာတ်လမ်းမမြောက်တော့တာ ။နောက်ပြီးတော့ ဖြုစင်တယ်ဆိုတဲ့ ကိစ္စမျိုး ပြီးပြည့်စုံတယ်ဆိုတဲ့ကိစ္စမျိုး ..
အချစ်ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်အပြည့်အဝသံသယရှိနေသူတစ်ယောက်အဖြစ် အသက်ရှင်နေခဲ့ပါတယ်...။

Broken Angel Star Grey Images

(၁)
နေကောင်းလားတဲ့ကွယ်...
ကမ္ဘာကြီးမှာ နေလို့ထိုင်လို့
ဘယ်နားမှာမှမကောင်းပါဘူး
ဝတ်ကြေတန်ကြေ ဆိုတဲ့
ကိစ္စမျိုးတွေ ကျွန်တော်မုန်းပြီ...။
(၂)
လမ်းတွေရွေးရမယ်
လမ်းတွေရွေးခဲ့တယ်...
ဘယ်လမ်းရွေးရွေးနောင်တရတက်တာပဲ(တဲ့)
နောက်ဆုံးဘယ်လမ်းမှမရွေးတော့ဘူး
ဘာလမ်းမှမရွေးတဲ့လူမှာလဲ
နောင်တတွေတောင်လိုပုံနေတာပါပဲ....။
(၃)
ကြယ်ကြွေတယ် ဆိုတဲ့ကိစ္စကို
ကျွန်တော် ခုထိလက်မခံနိုင်သေးဘူး
မှိတ်တုတ်မှိတ်တုန်နေဖို့တောင်
ဒီင်္လောက်လောင်ကြွမ်းရတာ ဖြာနေအောင်လင်းဖို့
စိတ်ကူးမရှိတော့ပါဘူးကွယ်...။
(၄)
ဝေးတယ်ဆိုတာလဲ
အကွာအဝေးတစ်ခုကိုဖော်ပြနေသေးတယ်
ပြောက်သွားပြီဆိုတာမျိုးမှဖြစ်မှာ...
ဒီကြယ်က စကားလုံးတွေနဲ့ ကမ္ဘာကြီးကို
သိမ်းသွင်းဖို့ကြံစည်နေတာ ထင်ရှားပြီ.....။

လွင်ပြင်ကြယ်ဟိုဘက်စွန်းက ဒဏ္ဍာရီ 
ပုံပြင်ထဲက  စံပျော်ရာ ဘုံဆောင်နန်းများ 
ယုံကြည်စွာငါရှာဖွေဆဲပါ.....။(လိပ်ပြာ-အယ်ဖြူ)


ကျွန်တော့်ဇာတ်ကောင်က ဘယ်အသင်းမှာ ကစားနေလဲမသိခင်မှာပဲ ကျွန်တော့်ဇာတ်ကောင်ပါတဲ့အသင်းက ၁ဂိုးသွင်းသွားပါတယ်။ ကျွန်တော့်ဇာတ်ကောင်က သွင်းတာမဟုတ်ပါဘူး ဂိုးသွင်းပြီး သူဝမ်းသာသွားတဲ့မျက်နှာကို ကြည့်ပြီးကျွန်တော် သိလိုက်တာပါ။ကျွန်တော့်ဇာတ်ကောင်လို့သာပြောရတာပါ ကျွန်တော်က ဒီလိုပဲ ညနေဘက်ဆို သူများတွေ ဘောလုံးကန်တာလာ ကြည့်တက်တယ် နောက်ပြီးကျွန်တော်သဘောကြတဲ့ ကစားသမားရွေးပြီးသူ့ ကစားပုံတွေ ထိုင်ကြည့်နေတက်တယ်။ ဘာဖြစ်ဖြစ်ကျွန်တော့်ဇာတ်ကောင်က ရဲ့အသင်းက နိုင်နေတာပဲ။ ကျွန်တော်ဇာတ်ကောင် ကဘောလုံးကစားတာအရမ်းမကောင်းပါဘူး အမှားတွေလဲများတယ်ပေါ့။ အများမှားနေတာမဟုတ်တဲ့အတွက်ပြသနာသိပ်မရှိပါဘူး။ သူတို့အသင်းနိုင်ဖို့များပါတယ်။

လွန်ခဲ့တဲ့တစ်ရက်ကတော့ ကျွန်တော့်ဇာတ်ကောင် တစ်ယောက်က ကွင်းထဲမှာအတော်ခြေစွမ်းပြပါတယ် ဒါပေမဲ့ သူ့အသင်းကကအမှားများနေတဲ့အတွက် သူပြောက်နေတာပေါ့။
ဘာမှတော့မဆိုင်ပါဘူး ဒီလိုပါပဲ ဘဝက အမှားများတယ်။ မှားပိုင်ခွင့်ရှိတဲ့နေရာမှာ မှားတာပဲ။ မှားပိုင်ခွင့်မရှိတဲ့နေရာမျိုးမှာကြတော့ ပြသနာနည်းနည်းရှိတာပေါ့။ကျွန်တော်က ဘယ်လိုဇာတ်ကောင်ဖြစ်မလဲကျွန်တော်အရမ်းသိချင်နေတယ်။ ခင်ဗျားရော ဘဝကို စိတ်ဝင်စားတယ်မလား?

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မျက်ခင်းပြင်ကြီးက ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ သိပ်တော့်လည်းကောင်းလှတယ်မဟုတ်ပါဘူး။ ကျွန်တော်က ရွေးချယ်မှုတွေအတွက်နောင်တရတက်သူတစ်ယောက်လားမသိသေးဘူး။ ကျွန်တော်က
လူတွေအများကြီးနဲ့ ရောနေရတာသိပ်မကြိုက်ဘူး ။ ညနေဘက်ဆို ပွဲကြည့်စင်က နှစ်ဘက်ရှိတယ် တစ်ဖက်ကနေပူလို့ လူမထိုင်တက်ဘူး တစ်ဖက်ကတော့ လူတွေများတယ်။ ရွေးချယ်ခွင့်ရှိ ခဲ့ရင်တော့ အကုန်လုံးက လွယ်ကူချင်ခဲ့ကြမှာပါလေ။ ကျွန်တော်က နေပူမှန်းသိတဲ့ပွဲကြည့်စင်ဘက်ကနေပြီး နေရိပ်ထဲကလူတွေကိုအားကြနေတက်တယ်။ဘယ်တော့မှတော့ ကျွန်တော် နေရိပ်တဲ့ ပွဲကြည့်စင်ဘက်ကိုပြောင်းထိုင်ဖို့မကြိုးစားမိဘူး။ ကျွန်တော်သိချင်တာတစ်ခုက အဲ့နေရိပ်ထဲက လူတစ်ယောက်ယောက်များ ကျွန်တော့် လွတ်လပ်မှုကို ကြည့်ပြီးအားကြနေမလားဆိုတာကိုပေါ့...။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်တော်အားလုံးစီကတစ်ခုခုလိုချင်ခဲ့တယ်။ ဝန်ခံတာပါ ကျွန်တော်တော်ကအတော်လောဘကြီးတယ်။ အခုကြည့်နေတဲ့ဘောလုံးပွဲမှာ ဂိုးတစ်ဂိုးရဲ့တန်ဖိုးက သိပ်မကြီးပါဘူး။ ကစားသမားတွေတောင် မျက်နှာမပျက်ပါဘူး။ဒီမှာ လိုသလိုဆွဲထားတဲ့ ကိုယ်ပိုင် စဉ်းမျဉ်းတွေရယ် နားလည်မှုတွေရယ်လောက်ပဲ နေရာယူထားတက်ပါတယ်။ အားထုတ်မှုသိပ်မပါပေမဲ့ အပျော်ပေါ့။
ဘဝမှာတော့အခုဏ ဘောလုံးပွဲလိုပဲ ကိုယ်ပိုင်ယဉ်ကျေးမှုလေးတွေနဲ့ပေါ့။ကျွန်တော့်တစ်ဦးပိုင်ဘဝမှာလဲ အနိုင်အရှုံးရဲ့တန်ဖို့ကအဲ့လောက်တန်ဖိုးမရှိပါဘူး။ သွေးသွေးတန်း အရှုံးတွေနဲ့ ခပ်ခါးခါး အရက်တွေလောက်ပဲနေရာယူထားတယ်။အရမ်းစိတ်ဝင်စားစရာမကောင်းပေမဲ့... အပျော်ပေါ့....။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


အချစ်၏အဓိပ္ပါယ်ဖွင့်ဆိုချက်။
တကယ်ပါ ကမ္ဘာပေါ်မှာ 
အဲ့လိုကြိုးနောက်တစ်ချောင်းရှိမယ်လို့ 
ကိုယ့်ကိုကိုလိမ်ညာခဲ့ကြတာ..။

The Definition of Love
Really, we lied our self 
that there will be 
a another knot like this.

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.