သူမက ကလေးခပ်ဆန်ဆန်ရယ်ပါ၊ ကျွန်တော်နဲ့စသိတုန်းက ကျွန်တော့်ကို
အကြောင်းပြချက် တစ်စုံတရာမပေးပဲ ကြည့်မရကြောင်းကိုကျွန်တော်ပြန် သိစေလောက်
အောင်ကြည့်မရတဲ့လူ။ အဲ့ဒိတုန်းက သူမရဲ့မှာ
ချစ်သူရှိသေးတယ်၊ သူ့ကိုသီးသီးသန့်သန့် မဟုတ်တောင် သတိထားမိစေလောက်တာက
သူ့အသံဆိုပါတော့။ ချစ်ဖို့ကောင်းတယ် ဆိုတာထက်
သေးငယ်မှုတစ်ခုကိုဖော်ပြတယ် တပြိုင်နက်ထဲ အဲ့ဒိသေးငယ်မှုက တစ်ကမ္ဘာလုံး
သိမ်းနိုင်တဲ့အင်အားလေးတွေပါနေတယ်။ ကျွန်တော် ရာဇဝင်ထဲက
မိန်းမကြောင့်ဖြစ်တဲ့ စစ်ပွဲတွေကို နားလည်စပြုလာတာ
သူ့ကြောင့်လို့ပြောရင်ပိုမှန်မလားပဲ
မြင်းစီသူရဲကောင်းတွေအကြောင်း၊ဂျူးလိယက်ဆီဇာအကြောင်း နောက်ပီး ဆူးပါတဲ့ နှင်းဆီပန်းတွေအကြောင်းပေါ့။
ကျွန်တော်မှတ်မိနေသေးတဲ့နှစ်အတော်ကြာ
ညနေတစ်ရက်က အမေက နှင်းဆီပန်းတွေဘေးက အဆူးတွေ ဓါးပါးလေးနဲ့ရှင်း
ထုတ်နေခဲ့တယ်အမေ့ကို မေးမိတာက ဘာလို့နှင်းဆီပန်းကို ဓါးနဲ့ခြစ်နေတာလဲ
သူတို့နာမှာပေါ့လို့ပြောတော့အမေက ပန်းတွေမှာခံစားချက်မရှိဘူး
လို့ပြန်ဖြေခဲ့တယ်၊ ကျွန်တော်က စောဒကတက်ပြီး ဒါပေမဲ့သူ့ဟာနဂိုရှိတဲ့ဟာတွေ
ဖျက်စီးပြစ်ပီး ပိုင်ဆိုင်ဖြစ်ရတာမျိုးထပ် သူ့ဆူးတွေကို
လက်ထဲတင်းတင်းဆုပ်ကိုင်ပီး ပိုင်ဆိုင်ပြစ်လိုက်တာမျိုးက
ပိုသတ္တိရှိတဲ့ ကိစ္စဖြစ်မလားပဲဆိုတော့ အမေက
ရုပ်ရှင်သိပ်မကြည့်နဲ့လိုပြောပြီးထွက်သွားတယ်။
ရန်ကုန်မြို့ရဲ့
အထပ်မြင့်အဆောက်အအုံတစ်ခုအပေါ်ဆုံးထပ်ကနေလမ်းမတွေလှမ်းကြည့်
ရင်းသူ့ကိုမေးမိတယ်၊ သူ့ချစ်သူနဲ့ဘယ်လိုပျက်သွားတာလဲဆိုတော့သူမက
ဒီလိုပါပဲ ဆိုတာကလွဲလို့
အကြောင်းပြချက်တစ်စုံတစ်ခုမပေးသွားခဲ့ဘူး။ကျွန်တော်ဆင်ခြင်တုံတရား
နဲ့အတူ နှင်းဆီပန်းခင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နောက်ပြီး
အဲ့ဒိကမ္ဘာကိုသိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့အဏာရှိ
သေးကွေးမှုလေးနဲ့အတူတူ ကျွန်တော့်စီကလှည့်ထွက်သွားတယ်။အဲ့ဒိနေ့က ကားပေါ်က
ဖွင့်ထားတဲ့ ပျောက်ဆုံးသွားတဲ့ မနက်ခင်းဆိုတဲ့ သီချင်းကို လှမ်းပြီးMute
ခလုပ်ကို နှိပ်မိသွားတယ်။
မနက်ခင်းတွေပြန်တွေ့ပြီဆိုတဲ့အပြုံးမျိုးနဲ့ပေါ့။
ဒါဟာ ဆစ္စဖှက် ရဲ့ နောက်ဆုံးကျောက်တုံး
လို့မျှော်လင့်မိတဲ့အပြုံးမျိုးဆိုတာနောက်မှသိလိုက်ရတယ်။
ကျောက်တုံးတစ်တုံးကို
တောင်ရဲ့ထိပ်ဖျားကိုမနားမနေတွန်းတင်နေဖို့ နတ်ဘုရားတွေက ဆစ္စဖှက်ကို
အမိန့်ပေးလိုက်တယ်၊ တောင်ထိပ်ကိုရောက်မဲ့အချိန်မှာကျောက်တုံးဟာ
ကိုယ်ပိုင်အလေးချိန်နဲ့ တောင်အောက်ကိုပြန်ကျသွားမယ်။ နတ်ဘုရားတွေက
ထင်ခဲ့ပုံပါပဲအရာရာ အချည်းနှီးဖြစ်ပြီး မျှော်လင့်ချက်တွေ
တစ်စစီသေဆုံးသွားတာမျိုး ဒီထက် ဆိုးရွားတဲ့ကြောက်မက်စရာ အပြစ်ဒဏ်မျိုး
မရှိတော့ဘူးဆိုပြီးတော့ပေါ့။ [*]
ဆစ္စဖှက်
အကြောင်းဖတ်မိတော့အချစ်ဆိုတဲ့အရာနဲ့ အတော်တူတယ်ဆိုပီးစဉ်းစားမိ သေးတယ်
နောက်တော့ဒီလိုလဲမဟုတ်ပြန်ဘူး၊ဒါက တစ်ဦးတစ်ယောက် ပိုင်အပြစ်ဖြစ်ခဲ့တဲ့
အတွက် ကိုယ့်ဟာကိုပဲ ဆစ္စဖှက်သေသွားပီးလို့ဝင်စားသလိုလို၊ငရဲပြည်ကနေပဲ
ခဏ တစ်ဘဝလောက်တာဝန်နဲ့ခွင့်ရသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော့်
အတွက်တော့အချစ်ဟာ ဆစ္စဖှက်ရဲ့ဘဝလိုပါပဲ။
ဒီလိုနဲ့ January
နှောင်းပိုင်းမှာကျွန်တော်နဲ့ အဲ့ဒိနှင်းဆီခင်းလေး ချစ်သူတွေဖြစ်သွားကြတယ်။
သူက စာသင်တဲ့ကျွန်တော့်ကိုဆရာ အကိုလို့ခေါ်ပြီး သူ့ကို ကျွန်တော်က
နာမည်အနောက်မှာ သေးငယ်မှုတစ်ခုထည့်ပြီးခေါ်ဖြစ်တယ်၊တစ်ခါတစ်လေလဲ မိန်းမလေး
လို့နောက်ပီးခေါ်တက်တယ်။ သူပြောတဲ့ကိုက်ပြစ်မှာ နော်ဆိုတဲ့စကားက Disney
Land က ဇာတ်ကောင်တွေထပ် မှော်ဆန်ဆန်ပြောနိုင်တယ်။
အဲ့ဒိကိုက်ပြစ်မှာနော်ဆိုတာကြီးကfairy tale ကြီးတစ်ခုထပ် ပိုပီး စိတ်ကူးယဉ်ဆန်တယ်။
February
ရဲ့ Valentine day မှာတော့ ဆူးရှိတဲ့နှင်းဆီခင်းလေးတစ်ခုဆိုတာသူမ
ကိုယ်တိုင် မေ့လျှော့ကိုင်တွယ်မိတဲ့ ကျွန်တော့်ကို
လက်ကသွေးစက်အချို့နဲ့အတူသတိပေးသွားတယ်။
ဖုန်းတွေဆက်တယ်၊
နောက်ပြီးနှင်းဆီခင်းလေးကလဲခံစားချက်ရှိကြောင်းပြောတယ်၊ အမေ့
ကိုတောင်ပြောမိသေးတယ် အမေမှားတယ်လို့ ပန်းတွေမှာခံစားချက်ရှိကြတယ်လို့။
အဲ့ဒိခံစားချက်ရှိနေတဲ့နှင်းဆီဆူးတွေကို
ကျွန်တော်အားတင်းပီးဆုပ်ကိုင်လိုက်မိတယ်၊စက္ကန့်နဲ့အမျှ
သွေးတွေဆုံးရှုံးနေရတယ်ဆိုတဲ့အခါ အားအင်တွေနည်းလာတယ်
နှင်းဆီခင်းလေးကိုအားတင်ဆုပ်ကိုင်ဖို့၊ နောက်ပြီး ကျွန်တော်လက်တွေကို
ကိုယ်တိုင်မခံစားနိုင်တဲ့အချိန်ကားပေါ်မှာ သီချင်းလေးတစ်ပုဒ်ပွင့်လာတယ်၊
“မျှော်လင့်ခြင်းနဲ့ ဖမ်းဆုတ်ထားတဲ့ လက်တွေအားမဲ့သွားပီကွယ် “ အဲ့ဒိစာသား
အရောက်မှာ အရာရာအရှုံးပေးလိုက်မိတယ်။ ဟုတ်တယ်လေ တကယ်ကိုပဲကျွန်တော်
အားမဲ့သွားပီ။ နောက်ပြီး သူမကို တန်ဖိုးအတိုင်းပြန်ထားလိုက်ဖြစ်တယ်
နောက်လူတစ်ယောက်ဆုပ်ကိုင်နေပြီဆိုတဲ့အခါ ကျွန်တော့်လို
နောက်ဆုံးတစ်ယောက်နဲ့ ဘယ်လိုဖြစ်လဲမေးရင်တော့သူမ ဒီလိုပါပဲလို့
ဖြေဦးမယ်လို့ထင်ပါတယ်။
အပြန်လမ်းမှာ ကားပေါ်မှာ
ပျောက်ဆုံးသွားတဲ့မနက်ခင်းသီချင်းက ထပ်ပွင့်လာတယ်။
အသံနည်းနည်းထပ်ချဲ့ပြီး၊
အရှိန်ခပ်ပြင်းပြင်းမောင်းထွက်သွားတာကိုမြေအောက်ကမ္ဘာက ဆစ္စဖှက်တစ်ယောက်တော့
နှင်းဆီပန်းတွေကိုင်ပီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေမလားပဲ။
အောင်မြင့်မြတ် (အိပ်မက်ထဲကမြို့တော်)
အရာရာအားလုံးပဲ အစကပြန်စရရင်
အရင်လိုမျှော်လင့်ချက်နဲ့
ရှင်သန်အောင်မွေးလိုက်ခြင် _ဘယ်တော့မှမမေ့ဘူး(မောင်သစ်မင်း)
ဘဝက အဆင်ပြေသလိုရွေ့လျားနေပါ
ဒါဟာ ၁၆ရက်နေ့ပါ ၊
၁၅ ရက်နေ့ကို သံယောဇဉ်မပျက်သေးတဲ့
မျက်လုံးမျိုးတွေနဲ့ ကျွန်တော် ၁၆ရက်ရဲ့ နေထွက်တာကို ထိုင်ကြည့်နေမိတယ်
ည၁၂နာရီမှာ ပြကဒိန်တွေပြောင်းသွားပေမဲ့ နေမထွက်မခြင်း
ဒီနေ့ကုန်သွားတာကိုလက်မခံနိုင်တဲ့ မျက်နှာပေးမျိုးနဲ့ အားလုံးလက်လျှော့လိုက်ရတယ်ပေါ့။
ကျွန်တော် မိုးတွေရွာတဲ့ အခါတိုင်း အားလုံးကိုအစက ပြန်စရတာပါပဲ ။
တိမ်တွေရယ် စွန်လေးရယ် အတိတ်တွေရယ် ပြန်စလို့မရတဲ့ အနာဂါတ်တွေရယ်
ဘဝကချိုပါတယ်။ ဒီမြို့မှာ ကျွန်တော့်သွေးစက်တွေရှိခဲ့တယ် ၊ မျက်ရည်စက်တွေရှိခဲ့တယ် ၊
ဒဏ်ရာတွေရှိခဲ့တယ် ကျွန်တော်ဒီမြို့(သူ)ကို(လည်း)ချစ်ခဲ့တယ် ။
အချစ်ဆိုတာ ဖုံးကွယ်ထားနိုင်တဲ့အခါ အနုပညာဆန်မယ်လို့
ရူးနှမ်းနှမ်းတွေးခဲ့တာ တကယ်တော့ ရမ္မက် ၈အောင်စ လောက်ပါတဲ့
မာယာတွေနဲ့ ဖုံးနေတာကို သူတို့အဖွဲ့အစည်း အဘိဓါန်မှာ အချစ်လို့ခေါ်တာတဲ့။
ကျွန်တော် တိမ်တွေကို ငေးနေလိုက်တယ် နေကို မျက်နှာမူဖို့ ပြင်ဆင်နေတဲ့
လူ့အဖွဲ့အစည်းကို အော်ရယ်ပြစ်လိုက်ခြင်တာပါပဲ ၊ ဇာတ်သိမ်းတွေက မသိတာလဲမဟုတ်ဘူး။
အရာရာကို အစကပြန်စရမှာကြီးပါပဲ ၊
ဝမ်းနည်းပြစ်လိုက်ရအောင်လို့ ပက်လက်လန်နေတဲ့ အရက်ပုလင်းလေးက မေးငေါ့နေတယ်၊
မကြေကွဲတော့ပါဘူးကွဲ့ ဘဝက အရည်ထူသွားပါပီ။
၄၂၀ တွေဖောင်းပွနေတဲ့ မြို့ကြီးမှာ စေတနာအမှားတွေက
ခွင့်လွှတ်စရာမကောင်းဘူးကွဲ့၊ ရှင်းပြဖို့မလိုဘူးဆိုတဲ့ အခါ အကြောင်းပြချက်မတောင်းပါနဲ့ကွယ်
ငါနှုတ်ဆက်ခဲ့ပါတယ် မြို့လေးရယ် ။
ငါသွားရတော့မယ်။
သာမာန်ညနေခင်းတစ်ခုပါ။ ကျွန်တော်ထိုင်နေမိတဲ့နေရာက မြို့ပြလေထုနဲ့ မတူခဲ့တာတော့အမှန်ပဲ။ အေးစိမ့်စိမ့်ဖြစ်နေတဲ့လေရဲ့အတွေ့က တစ်စုံတစ်ခုကိုတွေးတောစေချင်နေတာတော့အမှန်ပဲ။ ကျွန်တော်ရယ်လို့စသိခဲ့ရတဲ့နေရာနဲ့မတူတဲ့ တကယ့်မြို့ပြတောနက်ထဲက လမ်းတွေမှာဖြေးဖြေးနှေးနှေး တစ်နေ့နေ့တွေလျှောက်နေပေမဲ့။တစ်ခါတစ်ခါအရာရာကနေရုန်းထွက်ပြီး ကျွန်တော် ငြိမ်သက်ပြစ်လိုက်ခြင်တယ် မျက်နှာမူထားတဲ့အရှေ့က ရေပြင်ကြီးလိုပေါ့။ ဒါဟာ လက်မခံနိုင်ခြင်းတွေပြည့်နေတဲ့ အလွမ်းဇာတ်ဝင်ခန်း မဟုတ်ပါဘူး။ သာမာန်ညနေခင်းတစ်ခုမှညနေခင်းတစ်ပါပဲ။ ရွှေဝါရောင်သန်းလာတဲ့နေရောင်နဲ့အတူတူ ပြန်လည်တူးဖော်ရေလုပ်ငန်းစဉ်းတွေဟာ အလုပ်လုပ်လာပါတယ်မျက်နှာကိုခပ်ပြင်းပြင်း ဖြတ်တိုက်သွားတဲ့လေနဲ့အတူတူ မျက်လုံးကိုမှိတ်ထားလိုက်ပါတယ်။အတိတ်တွေဟာ ပြန်လည်တူးဖော်ရေး လုပ်ငန်းစဉ်အတိုင်း အစီအစဉ်မကြ ရှင်သန်လာပြန်ခဲ့ပါပြီ။
ကျွန်တော် ၄၄ ယဉ်လိုင်းကို ဂိတ်စကနေနောက်ဆုံးစီးဖြစ်တဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက်က ညနေခင်းတစ်ခုမှာ ရွှေရောင်တွေတောက်ပနေခဲ့တဲ့ နေရောင်နဲ့အတူတူ ကျွန်တော်ဟာ မြူခိုးတွေကြားမှာ ထိုင်းမှိုင်းနေခဲ့တဲ့ညနေခင်း တစ်ခုပေါ့။ အဲ့ဒိတုန်းက ကျွန်တော်စီးခဲ့တာဟာ နောက်ဆုံးစီးဖြစ်ခဲ့ခြင်းဖြစ်မယ်ဆိုတာသိခဲ့ရင် အဲ့ဒိအချိန်ကခံစား မှုထက်နက်နဲတဲ့ခံစားမှုတစ်ခုခုရှိနေမှာပါ။ကျွန်တော်ရယ်လို့ ကိုယ့်ကိုယ်ကို စမိတ်ဆက်ခဲ့တဲ့နေ့ရက်တွေမှာ ဆူညံညံ ဖြစ် နေတက်တဲ့ရပ်ကွက်လေးရယ်။ကျွန်တော့်အဖိုးနဲ့အတူတူခေါက်သိမ်းခဲ့ဖူးတဲ့ ရေပိုက်အနီရောင်လေးတွေရယ်ပါမှာပါ။ ကျွန်တော်အမှတ်မိနိုင်ဆုံးငယ်ငယ်တုန်းက ကျွန်တော်အိမ်လေးတစ်လုံးထဲမှာ အဖိုး၊အဖွားနဲ့အတူ နေထိုင်ရတာများပါတယ်။ အခုပြန်လာနေတာကတော့ ကျွန်တော့်ကိုခွဲသွားတာလအချို့ရှိပြီဖြစ်တဲ့ အဖိုးအိပ်စက်အနားယူနေခဲ့တဲ့ နေရာလေးကပါ။ သူဟာ ကျွန်တော်ကိုကျွန်တော်သေသေချာချာမှတ်မိလာတဲ့ အချိန်မှာ ရပ်ကွက်လေးထဲမှာ ရေပိုက်အပျော့လေးတွေနဲ့ လိုက်ဆက်ပြီး ရေလိုက်ထည့်နေပါပြီ။ ငယ်ငယ်က ဝက်အူလှည့်တစ်ခြောင်းနဲ့မွှေတက်လွန်းတဲ့ ကျွန်တော့်ကို အဖွားဟာ အဖိုးရေထည့်တဲ့နောက်ကို လိုက်စေပါတယ် ဒါဟာ ကျွန်တော့်ဘဝရဲ့ နားလည်တက်ဆုံးလူတစ်ယောက်ရှိလာစေတာပဲ။ကျွန်တော်ကသာမန် ကလေးတစ်ယောက်ပါ။ လိမ်ပြောတက်တာရယ်၊စိတ်ကောက်တက်တာရယ်က ဝိသေဿလက္ခဏာဆိုရင်လဲရတာပေါ့။ နောက်ဇွဲလဲသိပ်မရှိဘူး။ သူနဲ့လျှောက်သွားပြီး သူ့ပိုက်ဆံတွေနဲ့ ဝေဖာ၊ရေခဲမုန့် အစရှိတာတွေကို များစွားစားသောက်ခဲ့သူတစ်ဦးပါ။ အပြန်ဆိုလက်ပိစိလေးတွေနဲ့ သူ့ရေပိုက်တွေကို ကိုတန်းလန်းဆွဲပြီး အိမ်ပြန်တက်တဲ့ မြေးအဖိုးအပေါ့။ အဲ့ဒိတုန်းက ကမ္ဘာကြီးမှာ အဖိုးရဲ့ရေပိုက်တွေရယ်။ ကစားစရာတွေရယ်၊သရေစာမုန့်တွေရယ်၊နောက်ကျွန်တော်မုန်းတဲ့ ကော်ပတ်ရုပ်တွေရယ် ဟာ ကမ္ဘာကြီးလို့ယုံကြည်နေဘူးတာ။ကျောင်းဆင်းညနေတိုင်းမှာ သူနဲ့အတူ ရေပိုက်တွေလိုက်ဖြုတ်ရတာကိုးက ပျော်စရာဖြစ်နေတာ။အဖွားကပြောတက်တက်တာက စိတ်ပုတ်မြေးအဖိုးတွေလို့ပြောတက်ပါတယ်။ အဖိုးဟာလည်း ကျွန်တော့်နည်းတူ ခဏခဏစိတ်ကောက်တက်တယ်လို့အဖွားကဆိုပါတယ်။ နောက်ပိုင်းမှာသူကိုယ်တိုင်ကျွန်တော့်ကို အားနေဂိမ်းသွားဆော့ခိုင်းရာကနေ ဂိမ်းဂျပိုးဖြစ်လာခဲ့ပါတယ်။ သူကပြောဘူးပါတယ် သူဂိမ်းဆော့နေတဲ့ကလေးတွေကြည့်ရတာဇွဲပိုရှိသလိုပဲဆိုပြီး ကျွန်တော့်ကို ဂိမ်းဆော့စေခဲ့တာပါ။ ဒီလိုနဲ့ Nitendo Game ထဲက ဇာတ်ကောင်တွေရယ်၊ အဖိုးရေပိုက်တွေရယ်၊သရေစာမုန့်တွေရယ်၊ အဖွားလုပ်ကျွေးတဲ့ဂျယ်လီကျောက်ကြော တွေဟာကမ္ဘာကြီးဖြစ်လာခဲ့ပါတယ်။
နှစ်အတော်များများကြာလာတဲ့အခါ Play Station တစ်လုံးနဲ့ Winning Eleven ဂိမ်းကို 24 နာရီမှာ ရသလောက်ဆော့တက်တဲ့ရှစ်တန်းကျောင်းသားဘဝကို ရောက်လာခဲ့ပါတယ်။
အဲ့ဒိရက်ပိုင်းတွေမှာ အဖိုးဟာ ညရှစ်နာရီတိုင်းစိတ်မဝင်စားဖို့ကောင်းတဲ့သတင်းကို ကျွန်တော့်ကိုစာကျက်စေလိုသောကြောင့် နိုင်ငံတကာသတင်းအထိထိုင်ကြည့်ပါတယ်။ အဲ့ဒိနေ့ရက်တွေမှာတော့ Play Station ထဲက Winng Eleven Game ရယ်၊ Network Game ဆိုင်က Couter Strike Game ရယ် Paris အညိုရောင် စီးကရက်တွေရယ်၊ဘုမသိဘမသိ(နည်းနည်းတော့သိ) ရထားတဲ့ရည်းစားကောင်မလေးရယ်၊နောက် Fighter အမည်ရအောင် ဖြစ်တဲ့ ကျောင်းအပြန်ထိုးကြိတ်ပွဲတွေဟာ ကမ္ဘာတစ်ခုလို့ယုံကြည်နေခဲ့တာပါ။အဖိုးနဲ့အတူ နာရီတွေလေးငါးလုံးဝယ်ဖူးပါတယ်။နောက်ပြီး အတင်းပူစာပြီးသူငယ်ခြင်းတွေကိုင်တဲ့ mp3 ကိုတူတူသွားဝယ်ဖူးပါတယ်။ အဖိုးနဲ့အတူတူ အိမ်နားကရုပ်ရှင်ရုံမှာ လူတွေ(အဖိုးသူငယ်ခြင်းတွေ)မတွေ့အောင်ခိုးပြီး ရုပ်ရှင်သွားကြည့်ဘူးပါတယ်။အဖိုးကိုလူတစ်ချို့က အမျိုးမျိုးပြောကြပါတယ်။အဖိုးကို စိတ်ထားပြတ်သားတယ်တယ် စိတ်ကြီးတယ်လို့လဲပြောကြပါတယ်။ အဖိုးဟာတကယ်တော့တိတ်တိတ်လေးတော့ ကြေကွဲတက်ပါတယ်။ နောက်ပြီးကြင်လဲကြင်နာတက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ သူဟာပြီးပြည့်စုံတဲ့ ဖခင်မေတ္တာပေးစွမ်းခဲ့တဲ့လူတစ်ယောက်ပါ။ ကျွန်တော်ကျောင်းမှယာယီအထုတ်ခံရသောအခါ စိတ်ကြီးလွန်းသောအဖိုးဟာ မျက်ရည်ကျခဲ့ဘူးပါတယ်။ကျွန်တော့်ကောင်မလေးကိုပေးဖို့ရေးထားတဲ့စာကိုဖတ်ပြီးအဖိုးဟာ အားရပါးရရယ်ခဲ့ဖူးပါတယ်။ ကျွန်တော့်အခန်းလေးထဲကနေပြီး အဖိုးကို ခင်ဗျား အထိသုံးနှုန်းပြီး ရန်ဖြစ်ခဲ့ဘူးပါတယ်။အိမ်ပေါ်ကဆင်းတယ်ဆိုပြီး တစ်ယောက်ထဲ အမေ့စီထွက်သွားခဲ့ဖူးပါတယ်။ အဖိုးဟာအရာရာနားလည်ပေးဆုံးသောလူတစ်ယောက်ပါ။ တစ်ချို့သောလသာတဲ့ညတွေမှာ ငယ်ငယ်ကခွေးခြေခုံလေးနဲ့တူတူပွတ်သီးပွတ်သက်နေဖူးတဲ့အဖိုးဟာ ၊တူတူပျော်ဖူး၊သားအရင်းနဲ့မခြားမေတ္တာတွေပေးခဲ့တဲ့အဖိုးကို ကျွန်တော်ကတိတွေပေးပြီး ဆေးလိပ်တွေဖြတ်၊ ဂိမ်းကစားတာတွေကိုရပ်ပြီး ကိုးတန်းစာမေးပွဲများအပြီးမှာ တော့ ကျွန်တော်မသိလိုက်ရတဲ့အဖြစ်အပျက်တစ်ချို့နဲ့အတူ အရိုးအထူးကဆေးရုံကြီးမှာ ခုံပေါ်ကပြုတ်ကြရာမှ တက်ရောက်နေကြောင်း သိရပြီးနောက် ဆေးရုံမှာ စိတ်ဓါတ်ကြနေတဲ့အဖိုးကို တွေ့လိုက်ခဲ့ရပါတယ်။ ရောဂါအတော်များများကျော်လွှားဘူးတဲ့အဖိုးဟာ အခုအချိန်မှာ အရိုးကြိုးတာလောက်ကို အလွယ်တစ်ကူကျော်လွှားနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ခွဲစိတ်မှုတွေ နောက်ပြီး သူ့ရောဂါတွေနဲ့ အဖိုးဟာ ကျန်းမာရေးဟာတစ်ရက်ထက်တစ်ရက်ဆိုးဝါးလာခဲ့ရပါတယ်။ နောက်ပိုင်းရက်တွေမှာ
လေးခြောင်းထောက်နဲ့လမ်းပြန်လှောက်လာတဲ့အထိ ညာဘက်ပုခုံးကိုအားပြုစေပြီး ဝှီးချဲကို တွန်းပြီး အဖိုးနဲ့နွေကျောင်းပိတ်ရက်တော်တော်များများကို ကျွန်တော်တို့ ရန်တွေဖြစ်ကြတယ်၊ မြေးလေးရယ် ဟိုဘက်လှည့်ချင်လို့ဆိုတဲ့ စကားကို အိပ်ယာပေါ်မှအဖိုးဟာ အကြိမ်ကြိမ်ပြောပြီးအကူအညီတောင်းခဲ့ရပါတယ်။ မနက်ဆိုအိပ်ယာအစောကြီးထတက်တဲ့အဖိုးအိပ်ရေးဝဖို့ သူ့အိပ်ယာနားက နာရီကို ခိုးပြီးနောက်ကျ ထားဘူးပါတယ်။ တစ်ခုသောညရှစ်နာရီသတင်းအသံကိုကြာတော့ အဖိုးဟာ နာရီကိုနောက်ကြထားမှန်းသိပြီး စိတ်ဆိုးပါတယ်။ပူတက်အိုက်တက် တဲ့အဖိုးအိပ်ယာနားမှာ တစ်အိမ်လုံးနဲ့ရန်ဖြစ်ပြီးပန်ကာတစ်လုံးတက်ပေးခဲ့ပါတယ်။ နောက်ပြီး နေမကောင်းတဲ့ အဖိုးရင်အုပ်ကြီးကြီးထဲတိုးပြီး စိတ်ညစ်တာတွေကို ငိုဖူးပါတယ်။တစ်ခုသောApril လရဲ့နေ့တစ်ချို့မှာ အဖိုးကျန်းမာရေးဟာ ဆိုးဝါးလာပြီးတစ်ညလုံး သတိမေ့နေတဲ့အထိဖြစ်နေခဲ့ပါတယ်။
အဲ့ဒိမနက်ခင်းဟာ ကျွန်တော့်အဖိုးနဲ့နောက်ဆုံးမနက်ခင်းဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဘယ်လိုမှနောက်ပြောင်နေနိုင်ခဲ့မှာမဟုတ်ပါဘူး။ တစ်ရက်လုံးသတိလစ်နေပြီးနောက်နေ့မနက်မှာ အဖိုးဟာ သတိပြန်ရလာပါတယ်။ သွားတိုက်မျက်နှာသစ်လုပ်ခြင်တယ်ပြောလို့ သွားတိုက်တံနဲ့ခွက်ကို ယူပြီး အဖိုးသွားတိုက်နေတုန်း ကျွန်တော်နောက်တော့ အဖိုးဟာပြုံးနေခဲ့ပါသေးတယ်။ ကျွန်တော်နဲ့တူတူဆန်ပြုတ်စားပြီးနောက်အိပ်ယာထဲလှဲချင်းတယ်ပြောပြီး သိပ်မကြာခင်နေ့လည်ခင်းခုမှာ ကျွန်တော့်ကမ္ဘာကြီးက ထွက်ခွာသွားပါတယ်။ ကျွန်တော်မြူခိုးတွေနဲ့ဝေဝါးသလိုဖြစ်နေခဲ့ပါတယ်။ကျွန်တော့်ဘဝရဲ့ကိစ္စအတော်များများ အဖိုးအုပ်ဂူလေးမှာ သွားပြောဖူးပါတယ်။ အဖွားက နာရီလှလှလေးတစ်လုံးဝယ်ပေးကြောင်း၊ Camera ပါတဲ့ JXD လေးတစ်လုံးရကြောင်း၊အဖိုးဖြစ်စေခြင်သလိုဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်ရတော့မှာဖြစ်ကြောင်း ၊ ဦးလေးအမျိုးသမီး သားလေးတစ်ယောက်ထက်မွေးလို့ အဖိုးနောက်ထက်မြေးအထီးလေး တစ်ကောင်ရပြီးဖြစ်ကြောင်း၊ အဖိုးမြေးဆေးလိပ်လုံးဝမသောက်တော့ကြောင်းပြောပြနေခဲ့ပါတယ်။ လက်မခံနိုင်ခြင်းတွေနဲ့ အမှတ် ၄၄ လိုင်းကားဂိတ်ဆုံးမှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ အတော်လျှောက်ရင်ရောက်တဲ့ အဖိုးရဲ့အုပ်ဂူလေးမှာ အမြဲတမ်းသန့်ရှင်းရေးတွေလုပ်ဆေးတွေသုတ် စကားတွေပြောနဲ့ သင်္ချိုင်းစောင့်တွေနဲ့ရင်းနှီးလာခဲ့တဲ့အထိပါပဲ။
တကယ့်ဘဝလမ်းတွေက မြေပုံကားချပ်တွေနဲ့မတူခဲ့ပါဘူး အဲ့ဒိရွှေရောင်တောက်နေတဲ့ညနေခင်းတခုတုန်း အဖိုးစီကပြန်လာခဲ့ပြီးဘဝထဲကလမ်းတွေမှာလျှောက်လှမ်းနေခဲ့တာ ၊ မြင်နိုင်တဲ့အကွာအဝေးတွေမမြင်နိုင်တဲ့နီးကပ်မှုတွေ နောက်ပြီး ရဟတ်စီးခဲ့သလို အတက်တွေ၊အကျတွေ၊အနိမ့်အမြင့်တွေ ကွေ့ကောက်မှုတွေနဲ့ စကားလုံးတွေနဲ့ဖော်ပြမရနိုင်တဲ့ အနေအထားတွေမှာ အခုလိုမျက်နှာကိုလေတွေခပ်ပြင်းပြင်းဖြတ်တိုက်နေခဲ့ မြို့ပြလေထုနဲ့ကွာတဲ့ အခုလိုတိတ်တိတ်ဆိတ်ဆိတ်နေရာလေးမှာ လာထိုင်ပြီး ခဏလေးအမောဖြေနေတက်ပါတယ်။ အဖိုးစီမရောက်နိုင်ပေမဲ့၊ အဖိုးကိုပြောချင်တဲ့စကားလေးတွေကတော့ အစီအတန်းလေးရှိနေပါတယ်၊ အဖိုးမြေးလူကြီးဖြစ်ပြီးဆိုတဲ့အကြောင်း၊
ဂိမ်းတော့တစ်ခါတစ်လေပြန်ဆော့ပေမဲ့၊ဆေးလိပ်တော့ လုံးဝမသောက်တော့ကြောင်းဘဝထဲမှာ အတက်နိုင်ဆုံး မလိမ်မညာဖြစ်အောင်နေကြောင်း၊၊ တစ်နေ့မှာ တစ်ခုခုဖြစ်နေဖို့ ပြီးပြည့်စုံနေဖို့ယုံကြည်ကြောင်း၊ဒီနေ့ဟာတန်ဆောင်မုန်း လပြည့်နေဖြစ်ကြောင်း ငယ်ငယ်ကလမ်းထဲမှာ ကလစ်ကလစ်မြည်တဲ့ မီးထွန်းပြီးတွန်းရတဲ့ ယုန်ရုပ်လေးတွန်းတာသတိရကြောင်း၊ ပြီးပြည့်စုံခဲ့တဲ့ညနေခင်းတစ်ခုမှာ အဖိုးရှိနေတဲ့ အုပ်ဂူလေးကိုရောက်လာဦးမယ်ဆိုတဲ့အကြောင်း တွေပြောပြချင်ပါတယ်။အဖိုးဟာငြိမ်းချမ်းစွာ အိပ်စက်ခဲ့ပါပြီ။ ကျွန်တော့် ဘဝထဲမှာတော့ အဖိုးနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေဟာ အမြဲနိုးကြားနေဦးမှာပါ။ အပြန်လမ်းမှာရှေ့ဆက်ရင်ဆိုင်ရမဲ့ အနာဂါတ်မုန်တိုင်းတွေအတွက်အံကြိတ်အားတင်းရင်း မီးတွေအစီအရီထွန်းထားတဲ့ မြေးငယ်လေးတစ်ယောက်ထဲလမ်းတွေထဲမှာလျှောက်လာဖြစ်နေတော့ပါတယ်။
တသက်လုံးစာစီစာကုံးမှာ သင်၏အဖေအကြောင်းစာစီကုံးပါဆိုသည်များကို လုပ်ကြံရေးသားခဲ့ပါတယ်။ ဘဝမှာ အဖေဆိုတာ ကို အလုံးအထည်နဲ့ မပိုင်ဆိုင်ခဲ့ပေမဲ့ အဖေတစ်ယောက်အတိုင်းအပြည့်အဝ မှတ်ဉာဏ်ထဲမှာကျန်ရှိနေသေးတဲ့အဖိုးအတွက် ဒါဟာ တကယ်ကို ကျွန်တော်၏ဖေဖေဆိုတဲ့စာစီစာကုံးဖြစ်ခဲ့မှာပါ။
အောင်မြင့်မြတ်ထွန်း။
အဲ့ဒိညနေက သူအတော်တော်ပေါ့ပါးနေခဲ့တာပေါ့ AD 2010 ကို သန်းခြောက်ထောင်လုံး အနည်းဆုံးတော့အသံတစ်ချို့နဲ့ ရင်ခုန်ခဲ့မဲ့ညနေခင်းတစ်ခုပေါ့။ အဲ့ဒိတုန်းက သူရယ်၊ပြည့်ဖြိုးအောင်ဆိုသူရယ်၊ရဲသူဆိုသူ ရယ်အပါအဝင် ကိုအေးမျိုး၊ကိုမင်းမင်းတို့အရက်သောက်ဖို့ တာဆူနေကြပြီ။တစ်ခါက ကိုမင်းမင်း မွေးနေ့တုန်းက အဲ့လိုလူစုလူဝေးနဲ့သောက်ဘူးတယ်။အသံတွေညံပြီး ဟာဘာပြောကောင်းမလဲပွဲတွေကြမ်း ဥသြတွေ ဆွဲတဲ့လူကဆွဲနဲ့။ ကိုမင်းမင်း ကတော့ မွေးနေ့မရောက်ခင်၃၆၄ ရက် အလိုကနေ မွေးနေ့ကျော်၃၆၄ ရက်အထိ အရက်ကို အကြောင်းပြချက်ပေးပြီးသောက်ပါတယ်။ သူ့မွေးနေ့တစ်ရက်ထဲကတော့ ဘာပြောကောင်းမလဲ လူတွေစုပြီးမူးကြတာပေါ့။ နောက်၁လလောက်အထိ ကိုမင်းHappy Birthday လိုက်နောက်ရင် မျက်နှာကြီးမဲ့ပြီးထွက်ပြေးလောက်တဲ့အထိ အဲ့လိုဒုက္ခပေးထားတာ။ ဒီလူတွေနဲ့သူနဲ့ရင်းနှီးသွားပုံကလဲ အဆန်းသား၊ ရန်ကုန်မှာတုန်းက လမ်းတွေ့ရင်တောင် ရယ်ပြရကောင်းမှန်းမသိအောင် လောက်ပဲ သိတဲ့လူတွေ၊ ကိုမင်းနဲ့ပြည့်ဖြိုးအောင်ဆိုသိတောင်မသိဘူး။အခုလိုခင်သွားတာက အန္တရာယ်တစ်ခုကို အတူလက်ဆွဲနှုတ်ဆက်ကာ ဘဝတစ်ခုစီအတွက် ခရီး အတူတူ ထွက်လာခဲ့ကြရာကနေခင်သွားကြတာ ခရီးရဲ့ကြမ်းတမ်းမှုတို့၊လူသားခြင်းစာနာခဲ့မှုတို့ကြောင့်သာ သူတို့ဒီလောက်ရင်းနှီးသွားတာ၊ အဖွဲ့ထဲမှာကလဲ သူ့ရူးသွမ်းမှုလေးတွေ သူ့ အကြင့်လေးတွေနဲ့ သူ ပြည့်ဖြိုးအောင်က တွေ့ကရာခြင်းကွင်းမှာ တွေ့ကရာလူနဲ့ခြင်းခတ်တက်တဲ့ကောင်၊ ခြင်းခတ်ပြီဆိုသူ့လေမုန်တိုင်းတိုက်တာလဲခံရသေးတယ်၊ ခြင်းခတ်တာတော်တော့လဲတော်ပါတယ်၊ရဲသူကြတော့ Gamer အားနေ Game ဆော့ဖို့ပဲကြံစည်နေတာ။သူကတော့ ကွန်ပြူတာတစ်လုံးနဲ့ အားနေဘာတွေလုပ်နေမှန်းမသိတဲ့ကောင်။သူတို့သုံးယောက်ကတော့ အသက်တူတွေသိပ်မကွာလို့လားတော့မသိဘူး၊ဝါသနာတွေတူကြတယ်၊ တောင်နှစ်လုံးလောက် အတက်အဆင်းလုပ်ပြီးမှ ရောက်တဲ့စာကြည့်တိုက်က စာအုပ်အကုန်ကို ဖတ်စရာမရှိတော့လောက်အောင်အတူငှားပြီးဖတ်ဘူးတဲ့ကောင်တွေ။ကိုမင်းကကြတော့ Instrument အိုးကွဲ၊ အနှုပညာမျိုးရိုးကွ ဗိုလ်ကလေးသားကွလို့ပြောပြီး လက်ဆောင်ရထားတဲ့ဂစ်တစ်လက်ကို တစ်နေကုန်ထိုင်တီး၊ဝါးဒုတ်နှစ်ချောင်းရှာDrumတီးတဲ့လူ၊သူ့ Drum Skill ကတော့ လူအတော်များများချီးမကြူးပဲမနေနိုင်လောက်အောင်ကို ကောင်းတာ။ကိုအေးမျိုးကကြတော့ဆံပင်ညှပ်ဆရာ၊အားနေ ဟိုနားတိဒီနားညှပ်ကိုသူသာမရှိရင် တစ်ဖွဲ့လုံးချီးဗူးဆံပင်ပုံစံနဲ့ဖြစ်နေကြမှာ။ အဲ့တစ်ဖွဲ့လုံးဟာ ရင်ခုန်စွာနဲ့နှစ်သစ်ကိုကြိုဆိုဖို့ ချက်ပြုတ်သူကပြုတ် တောင်တွေကျော်ပြီး အရက်ပုလင်းတွေသွားဝယ်တဲ့ကောင်ကသွားဝယ်၊အတော်အလုပ်ရှုပ်နေတဲ့December 31 ရက်။ပုလင်းသံတွေဗူးသံတွေနဲ့ ဘယ်သူမှမစခင် သူတို့လူအုပ်ကမူးနှင့်နေပြီ၊ အော်ဟစ်နေပြီး တစ်ယောက်နဲ့တစ်ဖတ်တွေနမ်း လမ်းဘေးထွက်သီချင်းဆိုနဲ့ အတော်သောင်းကြမ်းလိုက်ကြတယ်။ခိုက်ခိုက်တုန်အောင် အေးနေတဲ့ December သုံးဆယ့်တစ်ရက်ရဲ့ မြူတွေကြနေတဲ့ တောင်ပေါ်မှာ အင်္ကျီတွေ ချွတ်ပြီး Guitar တီးနေတက်တဲ့ လူတစ်စုပျော်ရွှင်နေခဲ့ပါတယ်။
AD2010 မှာတော့ သူတို့အခုလိုပျော်ရွှင်ဖွယ်အချိန်တွေ မရှိသလောက်ရှားပါးခဲ့ရတယ်။ပြည့်ဖြိုးအောင်က အရင်ဆုံးအကြောင်းပြချက်ခိုင်မာမာမပေးပဲ ဘုန်းကြီးဝတ်သွားတယ်၊ ဆက်ဆံရေးက တစ်မျိုးဖြစ်ခဲ့သွားတယ်။ ကိုမင်းမင်းကတော့ပုံမှန်ပါပဲ။ ဒီလိုနဲ့လက်ငါးချောင်းမပြည့်တဲ့ လအပိုင်းအခြားလေးထဲမှာ သူတို့ ကိုယ်စီ အရောင်မှိန်ခဲ့တဲ့ အိပ်မက်တွေကို ထုတ်သိမ်းပြီး အိမ်ပြန်ခဲ့ကြပါတယ်၊ အရင်ဆုံးပြန်သွားသူက ရဲသူ၊ နောက် သူ ၊နောက်ကိုမင်းမင်း၊ နောက်ပြည့်ဖြိုးအောင်၊ကိုအေးမျိုးကတော့ အစောထဲက ခပ်စိမ်းစိမ်းနေတက်သူပါ၊သူတစ်ယောက်ပဲ တခြားတစ်နေရာဆက်ထွက်မယ်ဆိုပြီးကျန်ရစ်နေခဲ့ပါတယ်။
ဒီအတိတ်လေးက ပုံမှန်ဆိုဒီလိုနဲ့အဆုံးသတ်သွားမှာပါ၊ထူးခြားမှုတစ်ခုက AD2011 ရဲ့ January မနက်ခင်းတစ်ခုမှာ မြူတွေဝေနေတဲ့တောင်ထိပ်မှာ လူတစ်ယောက်ရပ်နေခဲ့ပါတယ်။ပစ္စုပ္ပန်ထက် အတိတ်ပိုဆန်တဲ့ လူတစ်ယောက်ဟာ ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂါတ်တစ်ခုကိုကိုင်ပြီးတောင်ထိပ်မှာ ရှိနေခဲ့ပါတယ်။ အရင်လိုနွေးထွေးမှုမျိုးမရှိပဲ ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့တောင်ထိပ်မှာ အရင်တုန်းကလိုနွေးထွေးမှုမျိုး ကင်းမဲ့သွားတဲ့မြင်ကွင်းတွေနဲ့ထိုင်ကြည့်နေခဲ့ပါတယ်။သူဟာ မကြာမကြာဒီတောင်ထိပ်ကိုရောက်ခဲ့ပါတယ်။တစ်ခါတုန်းက ဖြစ်ရှိခဲ့တဲ့နွေးထွေးမှုမျိုးကို အသေအချာသိမ်ထားခဲ့တဲ့ လူတစ်ယောက်အဖြစ်သူရှိနေခဲ့ပါတယ်။ သူတို့နဲ့တစ်ခါက နေညိုတိမ်တောက်ချိန်တွေမှာ ဝါးလုံးတွေနဲ့အတူတူဆောက်ဘူးသောခုံတန်းရှည်ပေါ်အတူထိုင်တက်တဲ့ ညီအငယ်ဆုံးတစ်ယောက် သူတို့ကိုသတိရနေကြောင်း သူတို့သိကောင်းသိနေနိုင်ပါတယ်။
ကိုမင်းမင်း၊ရဲသူ၊ပြည့်ဖြိုးအောင်၊ကိုအေးမျိုး၊ တစ်ခါကသူငယ်ခြင်း၊ညီအကိုထက်ပိုခဲ့သော၊အကိုများသို့အမှတ်တရ။ -အောင်မြင့်မြတ်-
အများအတွက်တော့ ပုံမှန်ညိုအုပ်အုပ်ညနေခင်းပါပဲ။ ဂဏန်းသုံးလုံးမပြည့်တဲ့ လူဦးရေရဲ့ အသက်ရှူသံတွေမှာ ကျွန်တော် ရောနှောသွားခဲ့တယ်။ ပလက်ဖောင်းပေါ်က ကားမရပ်ရလို့ အဓိပ္ပာယ်ရတဲ့ အဖြူတကွက် အနီတကွက် ဆေးရောင် တွေကိုတောင် ရောထွေးစေလောက်တဲ့အမြန်နှုန်းကို သတိထားမယ်။ နောက် ဘေးပြတင်းပေါက်က မိုးရေစက်တွေက ပြောပြနေတဲ့ ဇူလိုင်လဆိုတဲ့ အချက်ကို ကျွန်တော်သတိထားမိသွားတယ်။ တဖက်မှာဘာတွေရှိမလဲဆိုတာနဲ့ မရေရာမှုတွေနဲ့ ပုံလောင်းတဲ့အထိ ပုံခဲ့မိတယ်။ ယုံကြည်ထားချက်တွေဟာ လက်တွေ့မှာဘာမှမရေရာဘူးဆိုတဲ့ ဆင်ခြင်တုံတရားကြီးနဲ့ ကျွန်တော် မယိမ်းယိုင်းသွားအောင် အားတင်းနေရတယ်။ နောက်ပြီး ကြာရင်ဝေးသွားလိမ့်မယ်ဆိုတဲ့ သိနားလည်မှု။ ဒါဟာ တကယ့်ဝမ်းနည်းစရာဖြစ်ရပ်ပဲ။ တစ်ရာမကရှိတဲ့မိုင်တိုင်တွေကို အားတင်းပြီး ခြေထောက်ဆန့်ခဲ့တဲ့ညနေခင်းတစ်ခုမှာပေါ့။
ဘယ်သူ့အတွက်မဟုတ်ဘဲ မှောင်လာတဲ့ညနေခင်းက ကျွန်တော့် အတိတ်တွေကို တူးဖော်စေချင်နေတဲ့ မျက်နှာပေးမျိုးနဲ့ နှုတ်ဆက်တယ်။ နောက်တော့ ကားအရှေ့ကဖွင့်လိုက်တဲ့ သာမန်မြန်မာဇာတ်ကားတစ်ခုနဲ့အတူ လူတစ်ချို့ရဲ့ အပန်းဖြေမှုတွေ လွင့်ပျံ့နေခဲ့တဲ့ညနေဟာ အခုတော့လဲ တိတ်ဆိတ်မှုတွေနဲ့ လှလှပပလေးမှောင် သွားခဲ့တယ်။ အင်းယားကန်ဘောင်၊ ၁၉လမ်း၊ ဖုန်တွေထနေတဲ့ တက္ကသိုလ်ကျောင်း၊ နီကြောင်ကြောင် ရွှေအိုရောင် အရည်လှလှလေးတွေ၊ အဆုပ်ထဲစွဲနေစေပြီး ပြာအဖြစ်ထွက်ခွာသွားခဲ့တဲ့ နိုကိုဒင်းအတိုင်လေးတွေ၊ သွားတက် လေးတွေနဲ့ နာမည်သုံးလုံးပိုင်ရှင် လေးငါးယောက်ရဲ့ရာဇဝင် အစအစရှိတဲ့ အတိတ်တွေက အစီအစဉ်မကျ ထွက်ပေါ်လာပါတော့တယ်။ အတိတ်ဆိုတာ မကြာမကြာထုတ်ကြည့် ဖြစ်တဲ့ ဦးနှောက်ထဲက အယ်လ်ဘမ်တစ်အုပ်ပါပဲ။ ပြီးတော့ လက်ရှိအခြေအနေကနေ ကျွန်တော်ခဏလန့်နိုးသွားတယ်။
လင်ကွန်းကလမ်းလျှောက်နှေးတယ် (တဲ့)။ ဒါပေမဲ့ သူက တည့်တည့်ပဲလျှောက်တယ်(တဲ့)။ ဘယ်လိုတည့်တည့် လျှောက်လျှောက်ပါ၊ တကယ်တော့ ဘယ်အရာမှမဖြောင့်ခဲ့ပါဘူး။ ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ အကျတွေအတက်တွေ၊ အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး မြင်နိုင်တဲ့အကွာအဝေးတွေ မမြင်နိုင်တဲ့အကွာအဝေးတွေ၊ မမြင်နိုင်တဲ့ နီးကပ်မှုတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလင်းအမှောင်တွေနဲ့ ကိုယ့်အခန်းကိုယ် စီရင်ခဲ့ကြရတာပဲ။ ခပ်လင်းလင်း ဖြစ်အောင်တော့ ကြိုးစားကြည့်ကြတာပေါ့…။
မှတ်ဉာဏ်တွေရယ် မြူခိုးတွေနဲ့ ဝေဝါးနေတဲ့အနာဂါတ်ရယ် ကနေ ခပ်မှောင်မှောင် လမ်းကြောထဲကို မကြာခဏ ထကြည့်မိတယ်။ မရေရာမှုတွေ၊ မလုံခြုံမှုတွေရယ်ကြား ကြိုးစားအားတင်းရင်း နေရတယ်။ နောက်ပြီး အစိမ်းရောင် ခပ်ပုတ်ပုတ်တွေကို ကျွန်တော် ကြောက်လန့်နေမိတယ်။ ရင်ခုန်မှုနဲ့အတူ အလင်းရောင်တစ်ခုကို ကျွန်တော် ယုံကြည်ပစ်လိုက်တယ်။ မနက်ဖြန်မှာ ကျွန်တော့်အနာဂါတ်ကို ထွန်းညှိဖို့အတွက်ပေါ့..။ တိမ်တိုက်တစ်ခုအတွက် ဆို့ဆို့နင့်နင့်ရွာချမိတော့မယ့် အခြေအနေမျိုးနဲ့ပေါ့။
ဖြေးဖြေးနှေးနှေးနဲ့ ဦးတည်ရာတစ်ခုခုကို လျှောက်ခဲ့မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့ ယုံကြည်ချက်ကို အင်အားဖြည့်ပေးနေမိတယ်။ အစီစဉ်တကျ ကြည့်ကောင်းအောင်ဖြစ်ပျက်နေတဲ့ ရုပ်ရှင်တကားမဟုတ်ခဲ့မှန်းလည်း ကျွန်တော်သိတယ်။ ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို ဆင်ခြင်တုံတရားကျော်လွန်ပြီး ကျွန်တော် မျှော်လင့်ခဲ့တာ။
အခုမြင်နေရတဲ့ တောင်တန်းတွေက မနက်ကြရင် စိမ်းနေမလားသိချင်နေမိတယ်။ အရင်ကလိုပဲ မြေပုံကားချပ်လို မဟုတ်တဲ့ တကယ့်လက်တွေ့ လမ်းမထက်မှာ ဘဝအကြောင်းတစ်ပိုင်းတစ ညည်းဆိုကာ ယုံကြည်မှုတွေ လွယ်ပြီး အနာဂါတ်တစ်ခုကို ကျွန်တော် ဦးတည်လျှောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ဇူလိုင်လ မိုးရေစက်တွေထဲမှာပေါ့။
အောင်မြင့်မြတ်
June 5’s 2:45AM
[Theme လရောင်လမ်း: ဇွန်လ၏မိုးရေစက်များကြား လမ်းလျှောက်ထွက်ခြင်း(ကိုတေဇာ)]
[Special thanks to Ko Tazar for editing the essays]
တကယ်ပါ....
သံယောဇဉ်ဆိုတဲ့ကြိုးမျိုး တကယ်ရှိမယ်လို့ ကိုယ့်ကိုကို လိမ်ညာခဲ့ကြတာ..(အချစ်၏အဓိပ္ဗါယ်ဖွင့်ဆိုချက် ၂ ကဗျာမှ)
အမှန်ကဒီဇာတ်လမ်းမျိုးကပြန်ပြောပြရင်မကောင်းတဲ့ဇာတ်လမ်းမျိုး...
ဇာတ်လမ်းတွေထဲက အကြောင်းအရာတွေက အမှန်တရားဖြစ်ပါ့မလားသူ သံသယရှိတယ်
ဖြစ်ရပ်မှန်ဆိုတာတွေကို တောင်သူမယုံကြည်တော့ဘူး... အသက်ရှူသံတွေကို သံသယရှိတယ်
ဘဝကို သံသယရှိတယ် ... ရိုးသားမှုကို သံသယရှိတယ် အဖြူရောင်ကိုသံသယ ရှိတယ် အရာရာကို သူ သံသယရှိနေတယ်....။ သူကိုယ်တိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ဖြစ်နိုင်ချေ ရှိသော ဇာတ်လမ်းအဖြစ် ပြင်ဆင် တင်ဆက်လိုက်တာပါ...။ ဒီဇာတ်လမ်းက ဘယ်တုန်းကမှရှိခဲ့မှာမဟုတ်ပါဘူး... ရှိခဲ့ရင်တောင် ဘယ်နည်းနဲ့မှ ကမ္ဘာကျော်ဖို့မဖြစ်နိုင်တော့ပါဘူး....။ကမ္ဘာကျော်ဖို့ ဇာတ်နာဖို့လိုအပ်ပါသည်။ ကမ္ဘာကျော်ဖို့ မိမိကိုယ်ကိုယ်လိမ်လည်မှုအား အားပေးအားမြှောက်ပြုသော ဖြူစင်မှုများလိုအပ်ပါသည်...။ ကမ္ဘာ ကျော်ဖို့အတွက် ဘယ်တုန်းကမှမရှိခဲ့သော ရမ္မက်မဲ့သော ချစ်ချင်းမေတ္တာလိုအပ်ပါသည်...။ ဇာတ်ကောင်တွေက ပြီးပြည့်စုံဖို့လိုအပ်ပါသည်....။
ဇာတ်လမ်းအစမှာ အရင်ကအတိုင်းပဲ Jack ကဖဲနိုင်မယ် နောက်ပြီး သင်္ဘောကြီးစီးကြမယ်ပေါ့... အဲနောက်ပြီးတော့ Roseကလည်းထီးလေးဆောင်းပြီး အရင်တုန်းကအတိုင်းပဲ လှလှပပလေး ဆင်းလာမယ် ကားပေါ်ကနေပြီး.....။ အဲ့ဒိအထိ ခင်ဗျား လည်းအရင်က Titanic ပဲလို့ထင်မှာ တကယ်တော့ ကျွန်တော့်ဇာတ်လမ်းကဘယ်နည်းနဲ့မှကမ္ဘာကျော်မှာမဟုတ်ဘူး...။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်အမှန်အကန်အကြံအစည်တွေနဲ့Jackနဲ့Roseကိုပေးညားပြစ်လိုက်မှာ...။
Jack ကနေနစ်မသေဘူးပေါ့ သင်္ဘောကြီးနစ်တော့မဲ့အချိန် ကယ်ဆယ်ရေးတွေကရောက်လာတယ် ပြီးတော့ တမင်တကာခိုးထားပြီး မတော်တဆ ပါသွားတဲ့ မျက်နှာပေးမျိုးနဲ့Deep Ocean Heart ကြီးကိုရောင်းစား လိုက်ကြ တယ် အဲပြီးတော့ ကမ္ဘာကျော်သူဌေးကြီးတွေဖြစ်သွားကြတယ်ပေါ့ဗျာ အဲ ပြီးတော့ အဲ့တုန်းက Deep Ocean Heart ကိုပြန်ရှာတဲ့ ရတနာတူးတဲ့လူတွေလဲ ဘယ်တုန်းကမှ Titanicကိုပြန်ဖော်ဖို့ စိတ်ကူးမရှိတော့ဘူး...။ သူတို့လဲပြတိုက်တစ်ခုခုမှာဖြစ်ဖြစ် ဒါမှမဟုတ်ကမ္ဘာကျော် သူဌေးမကြီးတစ်ယောက် ရဲ့ပန်းချီကားထဲဖြစ်ဖြစ် သူတို့မြင်ဘူးကြမှာ နောက်ပြီး Roseရဲ့ ကိုယ်လုံးတီး ဓါတ်ပုံလဲ ဘယ်သူမှ မြင်ရတော့မှာမဟုတ်ဘူး... Leonardo Dicaprio ရယ် Kate Winslet ရယ်လဲဒီဇတ်ကားကိုရိုက်ဖြစ်ကြတော့မှာ မဟုတ်ဘူး နောက်ပြီး... Celine dion ဆိုတဲ့ ဟိုမမကြီးတစ်ယောက်လဲ ဒီသီချင်းဆိုဖြစ်တော့မှာမဟုတ်ဘူး...
နောက်ပြီး ကျွန်တော်တို့ရဲ့မှတ်ဥာဏ်ထဲမှာလဲ Titanic ဆို တာ Jack နဲ့Roseမတ်တပ်ရပ်ခဲ့တဲ့ သင်္ဘောကြီး အဖြစ်လဲ ရှိနေတော့မှာမဟုတ်ပါဘူး....။
တကယ်ပါပဲ ဒီလိုဇာတ်လမ်းမျိုးတွေက ဘယ်တော့မှရှိခဲ့မှာမဟုတ်ပါဘူး......။ကျွန်တော့်ဇာတ်လမ်းက ဘယ်တော့မှမရှိတော့မဲ့ဇာတ်လမ်းဆိုတာလဲယုံကြည်ပါတယ်။ ဒါပေမဲ့ဇာတ်လမ်းအဖြစ်ပဲမရှိမှာဆိုတာ ယုံကြည်ပါတယ်။ အလားတူဇာတ်လမ်းတွေ လက်တွေ့ဘဝမှာ ရှိနိုင်ဖြစ်နိုင်၊ ရှိနေဖြစ်နေ၊ ရှိခဲ့ ဖြစ်ခဲ့ နိုင်ပါတယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ်.... တကယ်တော့ ဇာတ်လမ်းက လက်တွေ့ဆန်လွန်းလို့ ဇာတ်လမ်းမမြောက်တော့တာ ။နောက်ပြီးတော့ ဖြုစင်တယ်ဆိုတဲ့ ကိစ္စမျိုး ပြီးပြည့်စုံတယ်ဆိုတဲ့ကိစ္စမျိုး ..
အချစ်ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်အပြည့်အဝသံသယရှိနေသူတစ်ယောက်အဖြစ် အသက်ရှင်နေခဲ့ပါတယ်...။
ကျွန်တော့်ဇာတ်ကောင်က ဘယ်အသင်းမှာ ကစားနေလဲမသိခင်မှာပဲ ကျွန်တော့်ဇာတ်ကောင်ပါတဲ့အသင်းက ၁ဂိုးသွင်းသွားပါတယ်။ ကျွန်တော့်ဇာတ်ကောင်က သွင်းတာမဟုတ်ပါဘူး ဂိုးသွင်းပြီး သူဝမ်းသာသွားတဲ့မျက်နှာကို ကြည့်ပြီးကျွန်တော် သိလိုက်တာပါ။ကျွန်တော့်ဇာတ်ကောင်လို့သာပြောရတာပါ ကျွန်တော်က ဒီလိုပဲ ညနေဘက်ဆို သူများတွေ ဘောလုံးကန်တာလာ ကြည့်တက်တယ် နောက်ပြီးကျွန်တော်သဘောကြတဲ့ ကစားသမားရွေးပြီးသူ့ ကစားပုံတွေ ထိုင်ကြည့်နေတက်တယ်။ ဘာဖြစ်ဖြစ်ကျွန်တော့်ဇာတ်ကောင်က ရဲ့အသင်းက နိုင်နေတာပဲ။ ကျွန်တော်ဇာတ်ကောင် ကဘောလုံးကစားတာအရမ်းမကောင်းပါဘူး အမှားတွေလဲများတယ်ပေါ့။ အများမှားနေတာမဟုတ်တဲ့အတွက်ပြသနာသိပ်မရှိပါဘူး။ သူတို့အသင်းနိုင်ဖို့များပါတယ်။
လွန်ခဲ့တဲ့တစ်ရက်ကတော့ ကျွန်တော့်ဇာတ်ကောင် တစ်ယောက်က ကွင်းထဲမှာအတော်ခြေစွမ်းပြပါတယ် ဒါပေမဲ့ သူ့အသင်းကကအမှားများနေတဲ့အတွက် သူပြောက်နေတာပေါ့။
ဘာမှတော့မဆိုင်ပါဘူး ဒီလိုပါပဲ ဘဝက အမှားများတယ်။ မှားပိုင်ခွင့်ရှိတဲ့နေရာမှာ မှားတာပဲ။ မှားပိုင်ခွင့်မရှိတဲ့နေရာမျိုးမှာကြတော့ ပြသနာနည်းနည်းရှိတာပေါ့။ကျွန်တော်က ဘယ်လိုဇာတ်ကောင်ဖြစ်မလဲကျွန်တော်အရမ်းသိချင်နေတယ်။ ခင်ဗျားရော ဘဝကို စိတ်ဝင်စားတယ်မလား?
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မျက်ခင်းပြင်ကြီးက ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ သိပ်တော့်လည်းကောင်းလှတယ်မဟုတ်ပါဘူး။ ကျွန်တော်က ရွေးချယ်မှုတွေအတွက်နောင်တရတက်သူတစ်ယောက်လားမသိသေးဘူး။ ကျွန်တော်က
လူတွေအများကြီးနဲ့ ရောနေရတာသိပ်မကြိုက်ဘူး ။ ညနေဘက်ဆို ပွဲကြည့်စင်က နှစ်ဘက်ရှိတယ် တစ်ဖက်ကနေပူလို့ လူမထိုင်တက်ဘူး တစ်ဖက်ကတော့ လူတွေများတယ်။ ရွေးချယ်ခွင့်ရှိ ခဲ့ရင်တော့ အကုန်လုံးက လွယ်ကူချင်ခဲ့ကြမှာပါလေ။ ကျွန်တော်က နေပူမှန်းသိတဲ့ပွဲကြည့်စင်ဘက်ကနေပြီး နေရိပ်ထဲကလူတွေကိုအားကြနေတက်တယ်။ဘယ်တော့မှတော့ ကျွန်တော် နေရိပ်တဲ့ ပွဲကြည့်စင်ဘက်ကိုပြောင်းထိုင်ဖို့မကြိုးစားမိဘူး။ ကျွန်တော်သိချင်တာတစ်ခုက အဲ့နေရိပ်ထဲက လူတစ်ယောက်ယောက်များ ကျွန်တော့် လွတ်လပ်မှုကို ကြည့်ပြီးအားကြနေမလားဆိုတာကိုပေါ့...။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျွန်တော်အားလုံးစီကတစ်ခုခုလိုချင်ခဲ့တယ်။ ဝန်ခံတာပါ ကျွန်တော်တော်ကအတော်လောဘကြီးတယ်။ အခုကြည့်နေတဲ့ဘောလုံးပွဲမှာ ဂိုးတစ်ဂိုးရဲ့တန်ဖိုးက သိပ်မကြီးပါဘူး။ ကစားသမားတွေတောင် မျက်နှာမပျက်ပါဘူး။ဒီမှာ လိုသလိုဆွဲထားတဲ့ ကိုယ်ပိုင် စဉ်းမျဉ်းတွေရယ် နားလည်မှုတွေရယ်လောက်ပဲ နေရာယူထားတက်ပါတယ်။ အားထုတ်မှုသိပ်မပါပေမဲ့ အပျော်ပေါ့။
ဘဝမှာတော့အခုဏ ဘောလုံးပွဲလိုပဲ ကိုယ်ပိုင်ယဉ်ကျေးမှုလေးတွေနဲ့ပေါ့။ကျွန်တော့်တစ်ဦးပိုင်ဘဝမှာလဲ အနိုင်အရှုံးရဲ့တန်ဖို့ကအဲ့လောက်တန်ဖိုးမရှိပါဘူး။ သွေးသွေးတန်း အရှုံးတွေနဲ့ ခပ်ခါးခါး အရက်တွေလောက်ပဲနေရာယူထားတယ်။အရမ်းစိတ်ဝင်စားစရာမကောင်းပေမဲ့... အပျော်ပေါ့....။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
*စက်ဘီးကို စဦးတီထွင်ခဲ့သူ အနေနဲ့
စက်ဘီးစီးခြင်းကို သင်ယူလို့ရနိုင်တယ်လို့ ယုံကြည်ခဲ့သလို
ကျွန်တော် အချစ်ကို ယုံကြည်တယ်။
ပြီးတော့ စက်ဘီးစီးခြင်းဟာ
တစ်ကြိမ်တစ်ခါတတ်ပြီးခဲ့ရင်
ဘယ်တော့မှ ပြန်မမေ့နိုင်တော့တဲ့ပညာ ဆိုတာကိုရောပေါ့။
ကျွန်တော် တစ်ခါလောက်တော့ စက်ဘီးစီးတတ်ချင်တယ်။(ကိုတေဇာ -လရောင်လမ်း)
*တရားနဲ့ တောင် ဖြေလို့ မရခဲ့ ဘူး ၊၊ ငါ့ကို ငရဲအကြီးကြီးချပစ်ပါကွယ် ၊၊ - ဇာတိ -
Xတိတ်တိတ်ဆိတ်ဆိတ်နဲ့သိနားလည် ငိုကြွေးဖို့ ...(မောင်မောင်ဇော်လတ် - မရေရာဘူး)
Xတခြားလူရင်ခွင်ထဲရောက်နေပြီ...
ငါ့ကိုနာကြင်ဖို့မေးနေပြီ...
တကယ်ဆိုမင်းနဲ့ငါမဆိုင်တော့ဘူး.... တသက်လုံး (မီရာမိုရ် -မှောင်သောညများ)
Xနှလုံသားမှာထားခွင့်မရှိတော့ ရင်လဲ
တစ်ခါချစ်ခဲ့ဘူးလို့ဝမ်းသာတယ်....
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်....(စိုင်းခမ်းလိတ် -နေရစ်တော့ကွယ် သွားတော့မယ်)
ကျွန်တော့်ကို၁ညတာတိုးခွင့်ပြုပါ။ရေမရောတဲ့ဒီမှာ အရပ်အခေါ် စပါးနှံအရက်အကြမ်းကို ကျွန်တော် ရေမရောပဲခွက်အပြည့်အတော်များများသောက်ပြီဆိုထဲက ပုံမှန်မဟုတ်ဘူးဆိုတာ အကုန်လုံးသိလောက်ပြီ....။
တိုးတိတ်စွာ ကျွန်တော့်ကတိတွေကြောင့် နာရီဝက်တိတိ ရေချိုးခန်းထဲကမျက်ရည်တွေ..။ထပ်ပြောမယ် နာရီဝက်တိတိရေချိုးခန်းထဲကမျက်ရည်တွေ။ ကျွန်တော် လူစိတ်ပြောက်အောင်မူးနေပြီ ။
အဲမပြောက်တဲ့စိတ်ကြောင့် ကျွန်တော်ရေးမိတဲ့စာလေးကိုဖြစ်နိုင်ရင်သူမကိုမသိချင်ယောင်ဆောင်နေစေချင်တယ်။
ဒကာလေး အောင်မြင့်မြတ် လက်အုပ်လေးချည်
ဦးပဇင်းဆိုတာလိုက်ဆို ကာမေသုမိစ္စာစာရ ဝေးယမိသ္ခိါဝဠံ သမာဓိယာမိ။ (စာလုံပေါင်းမှားတာထက်ခင်ဗျားနားလည်ဖို့အဓိက)
ကျွန်တော်ပေါက်ကွဲဖို့ အဲ့လိုဆင်ခြင်တုန်တရားကြီးက ဖေါက်ထွက်ဖို့စဉ်းစားနေတာ။သူမအားချစ်ခဲ့သောအချစ်မှန်ပါလျှင်အချိန်မှီဘဝကူးရန် ကျွန်တော်မျိုးသစ္စာဆိုပါသည်အရှင်ဘုရားဆိုတဲ့
သစ္စာကို ကျွန်တော်ဆိုမိတော့မယ်.။
သေခြင်းတရားကိုထိုင်စောင့်ဖို့အထိ ကျွန်တော်ကြိမ်ဆိုချင်တယ်။ ရေချိုးခန်းထဲက ကြွေပြားတွေက မကွဲဘူးဗျာ ကျွန်တော့် ကြေကွဲမှုနဲ့ သူတို့ကွဲသွားသင့်တာ ။ကျွန်တော့်လက်ကတော့နည်းနည်းကွဲသွားတယ်ထင်တာပဲ။
ထွန်းကိုတင်မကဘူး ကျွန်တော့်နာမည်ထဲက အောင်ကိုပါမုန်းပြီ။ ဖျက်ခြင်တိုင်းသာ တုံးတိဖြတ်ထုတ်ရရင် ကျွန်တော် က ဘဲဥတစ်လုံးဖြစ်နေနိုင်တယ်။ သူမကျွန်တော့်ကိုကြော်စားခဲ့သင့်တယ်။ အခုတော့ ကျွန်တော်က
စွန်လေးတစ်ခုနဲ့တူနေတယ်။ အိမ်စာမပြီးတဲ့ကလေးတစ်ယောက်ရဲ့သွေးရူးသွေးတန်းအဖျားမျိုးကို ကိုယ်တွေ့ခံစားရနေတယ်။ ငါ တရားနဲ့တောင်ဖြေလို့မရခဲ့ပါဘူးကွယ်။ဘဝက လူတွေပြောသလို မရှိတာတွေရှိနေတာခက်တယ်။
အခုEbook ကိုပိတ်လိုက်ဗျာ ကျွန်တော် စတီဖင်ဟော့ကင်းကို မုန်းတယ်။ မေးခွန်းတွေကိုမုန်းနေမိတယ် ။ ဘာဖြစ်လို့လဲ ကျွန်တော်က အဲ့ဒိ အောင်မြင့်မြတ်ထွန်းဆိုတဲ့နာမည်ကို ဘာလို့ပိုင်ဆိုင်ခဲ့ရတာလဲ။
ကျွန်တော့်နာမည်က ဘာလို့မြင့်မြတ်ပဲမဖြစ်ခဲ့ရတာလဲ။ နောက်ပြီး ကျွန်တော်ကဘာလို့ သူမကိုမပိုင်ဆိုင်ခဲ့ရတာလဲ ကဆိုပြီး ကျွန်တော်ကြေကွဲလိုက်ရမလား။ အိပ်မက်မက်နေတာနေမှာလို့ လိမ်လိုက်ရမလား။
ဘုရားသခင်ကို ကျွန်တော်မုန်းနေမိတယ်။ကျေးဇူးပြုပြီး ခင်ဗျားသာ ဘုရားသခင်ကို ယုံကြည်တဲ့လူဆို ဆုတောင်းပေးပါ နောက်ဘဝဆို ကျွန်တော် ဒီလိုမျိုးမကြုံပါရစေနဲ့လို့။ ဖြစ်နိုင်ရန်ကျွန်တော် နောက်ဘဝမှာ မာဆိုး ဆုတောင်း ခဲ့ရသလို ပြန်သတိရဖို့ဆုတောင်းခဲ့မိမှာပဲ။ ရေချိုးခန်းထဲက ရေပိုက်ကိုပိတ်ပေးကြပါ သူက သူမနဲ့ကျွန်တော့်ကြားက မိုးရေစက်အတုတွေဖန်တီးနေတယ်။ အခုလဲကျွန်တော့် မျက်နှာပေါ်ကရေစက်တွေရယ် မျက်ရည်တွေရယ် နှုတ်ခမ်းကသွေးတွေရောကုန်ပီ။
ကျေးဇူးပြုပြီး ရေပိုက်ကိုပိတ်ပေးကြပါ။ ကျွန်တော့်မျက်ရေတွေက မနည်းတော့ဘူး။ရေတံခွန်လောက်သွေးတွေစီးကြနေတယ်လို့ခံစားနေရတယ်။ခင်ဗျားတို့ခံစားမိရဲ့လား အဲ့လိုခံစာမှုမျိုးကို။ ကျွန်တော်လွန်ခဲ့တဲ့၆နာရီအထိ အသဲကွဲချင်ယောင်ဆောင် နေတာ ။အဆိုးဆုံးအထိမပြင်ဆင်ထားမိဘူး။အား ဆူနာမီလာနေပြီ။အားနာဂစ်တိုက်နေပြီ။အားငလျှင်ကြီးတွေလှုပ်နေပြီ။ အဲ့လိုကိစ္စမျိုးအထိကျွန်တော်နားလည်နိုင်တယ်။ အခုဟာက ကျွန်တော်အားလုံးပြောက်သွားတာ။ အဲ့ဒါလား အသည်းကွဲတာ
တောက် ကျွန်တော် အားလုံးကိုမုန်းနေပြီ။အခုထိရေပိုက်ကိုမပိတ်ပေးတဲ့လူတွေကိုရောပဲ။ သေချင်းတရားက ချိန်ကိုက်ဗုံးဆို ကျွန်တော် ပေါက်ကွဲမဲ့ကြိုးကို စောဖြတ်မိမှာအမှန်ပဲ။ ရေးပြီ မင်းမှီခဲ့တဲ့ ဘယ်ဘက်ရင်ဘက်က အသက်ထွက်လုမက အောင့်နေတယ်။ ဘာလို့လဲမသိဘူးဟာ နင့်ကိုအရမ်းချစ်နေမိတာ။ နင့်ဘဝအာမခံချက်တွေအတွက်နင်ပျော်တယ်။ သူမှီခဲ့ဘူးတဲ့လက်ဝဲဘက်ရင်အုံကိုကိုင်မိတိုင်း ကျွန်တော် ပုံပြင်ထဲက ဒဿဂရိကိုလေးစားမိတယ်။ ဆင်ခြင်တုံ တရားကြီးနဲ့ အခု
ကျွန်တော်လွမ်းနေသလိုမျိုး။ အခုနွေခေါင်ခေါင်ကြီးမိုးရွာသလိုမျိုး။ ဂျူးလိယက်ဆီဇာရဲ့ အရှုံး၁ခုကို စိုက်ဝင်နေတဲ့ ဘရုတပ်စ် ရဲ့ဓါးဒဏ်ရာနဲ့ကိုဖတ်ရှုမိခဲ့တဲ့မြင်ကွင်းလိုမျိုး။ ကျွန်တော်ဆောင်းတွင်း၁ခုမှာ ကန္ဒာရ၁ခုရဲ့ နှင်းမုန်တိုင်းလို အဆက်အစပ်မရှိ ကျွန်တော်လွမ်းနေရတော့မယ်။ ဘာကြီးလဲ ကျွန်တော့မျက်ရည်တွေအတွက်ဘယ်သူကရောမုန့်ကြွေးမှာလဲ။ စိုက်ဝင်နေတဲ့မျှားဒဏ်ရာကိုဆွဲနှုတ်ပြီးတိုက်ပွဲဝင်ခဲ့တဲ့ အားခီးလိစ်လို ကျွန်တော်ဘာလို့အစွမ်းမရှိနေတာလဲ။ ဘရစ်ဆေးလ်ကို အားခီးလိစ် ချစ်တဲ့အချစ်ထက်မနည်း ကျွန်တော်သူမကိုချစ်မိခဲ့တာ....။ အခုတော့ ဒူးထောက်လျှက်ဓါးဒဏ်ရာတွေနဲ့ငါ။ပုံပြင်ထဲက ဟက်တာ့ ဝဠ်ငါလည်ပြီ။ မသနားပါနဲ့ ကိုယ့်ရက်ဘက်ကိုထုပြီး မိုးရေစက်တွေကိုမုန်းတဲ့အရူးအတွက်မသနားကြပါနဲ့လား။
ဘာမှဆက်လုပ်ခွင့်မရှိရင်လဲ ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ချင်တယ်။ဘာလို့မျက်ရည်တွေက ငံနေရတယ်လဲ ခပ်ချိုချိုအရာတွေဆိုသိပ်သဘောကြမိမှာ။ ကျွန်တော်က ဘာလို့အောင်မြင့်မြတ်ဖြစ်နေရတာလဲ။ နောက်ပြီး ကျွန်တော်က ဘာဖြစ်လို့
ဒသဂရိမဟုတ်ခဲ့ရတာလဲ။ သူမကရော ဘာဖြစ်လို့ကျွန်တော့်ကိုမချစ်နိုင်ခဲ့တာလဲ...။ ကျွန်တော်ကရော မေးခွန်းတွေကို မုန်းတယ်ဆိုပြီး ။အဖြေမရှိတဲ့မေးခွန်းတွေကို ကျွန်တော်မေးနေရတာလဲ။ နောက်ပြီ ခင်ဗျားတို့ပြောတဲ့ အချစ်ဆိုတာ ကျွန်တော် ဘဝမှာ ၁ခါလောက်များပိုင်ဆိုင်ခွင့်မရှိခဲ့တာလဲ။ ကျွန်တော်ဘဝမှာ၁ခါလောက် နားရွက်လေးလုံခြင်တာ။ ဘာလို့နှင်းကန္တာရလိုနေရာမျိုးမှာ လာပေါက်နေတဲ့သစ်ပင်ဖြစ်နေရတာလဲ။ ကျွန်တော်ကြွေကျတော့မယ်....။
ဂရိပုံပြင်တွေအရ ကျွန်တော်ဂိုင်အာနတ်ဘုရားကိုမုန်းနေမိတယ်။နောက်ပြီး ကျွန်တော်တိမ်လေးတွေအကြောင်းစဉ်းစားနေမိတယ်။ကျွန်တော် ရွာချဖို့ အမြဲတမ်းကြေကွဲရတယ်။ အတိတ်ကပြာတွေနဲ့အတူ ဘဝမှာ သေရာပါအနာ၁ခုရသွားပြီ။
ကျွန်တော် မျက်ရည်စက်တွေနဲ့ပုဒ်မချခဲ့ရပြီ၊ ကောင်မလေးရေ...ပြီးတော့ အကြောင်းပြချက်၁ခုမှပေးမိပဲ ကျွန်တော်၊ သေ သွား တယ်။ (ညွှန်း -ဇာတိစ် ,ကိုတေဇာစ် စာလုံးအနည်းငယ်)
(နောက်ဆုံးမှာ ဝန်ခံခြင်း - ကျွန်တော်ဒီလိုမျိုးစာကို နောက်၁ခါမရေးဖြစ်ဖို့သေချာပါတယ်။ ကျွန်တော်ကြကွဲသွားတာ ကိုတေဇာရယ်ဇာတိရယ်ရဲ့ အရေးအသားတစ်ချို့ယူသွားမိပါတယ်။
နွေရာသီတွေကို စဝင်လာတာနဲ့ကုန်လွန်သွားမှာကြောက်နေရတယ်...
မိုးစက်ပေါက်လေးတွေကြတဲ့အခါတိုင်း သူမနှင့် ကျွန်တော်ရဲ့ ညနေခင်းလေးတွေကိုသတိရတယ်။ ညိုမှိုင်းနေတဲ့ ပင်လည်ကြီးကိုသတိရတယ်။
ကျွန်တော့်အလွမ်းတွေက တိမ်တွေလို လွင့်ပျံ့နေတော့မယ်လေ မခံနိုင်တော့တဲ့ ဝန်ထုပ်ဝန်ပိုး၁ခုလို ကျွန်တော် ရွာချလိုက်ပါရစေ။
သစ်ပင်တွေလဲ ကြွေသွားဖူးတဲ့ အရွက်ကလေးတွေကို လွမ်းမိမှာပဲလေ။ ခပ်စိုစိုနဲ့ စိမ်းနေတဲ့အရွက်လေးတွေ အဖြစ်နဲ့ပဲဖြစ်ဖြစ် ကျွန်တော် သူမကိုသတိရနေမိတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့ အလွမ်းတိမ်ခိုးတွေက ပိုတိုးလာပါဦးမယ်။ အတိတ်ရဲ့တစ်နေရာရာမှာတော့ သူနဲ့ ကျွန်တော် ရှိနေကြဦးမယ်နော်။ ပင်လည်ကြီးကတော့ အရင်လိုပဲမြောနေဦးမှာပါပဲ....။
သူမကိုလည်း ကျွန်တော် အကြောင်းပြချက်မရှိ လွမ်းနေဦးမှာပါပဲ။
မိုးစက်တွေစိုနေတဲ့ မျက်ခင်းပြင်ကနေ လှမ်းမြင်နိုင်တဲ့ အထပ်မြင့် အိမ်ယာကြီးတွေနဲ့အတူ၊ ရုပ်ရှင်ရုံကလက်မှတ်တွေနဲ့အတူ။တူတူစားနေကြ
အာလူးကျော်လေးများနှင့်အတူအတိတ်ကလဲ အိပ်မက်တစ်ခုလို ချိုမြိနေလိုက်တာ။
ဒါဟာကြည်နူးဖို့ကောင်းလိုက်တဲ့ နာကြင်ခြင်းတွေပဲဗျာ။အခုတော ကျွန်တော် နာကြင်စွာနဲ့လွမ်းနေရပြီပေါ့။
မဖြစ်နိုင်ဘူးဆိုပေမဲ့ ညိုအုပ်အုပ်အလွမ်းတွေကို စွန်တစ်ခုလို လေထဲလွှတ်တင်လိုက်ခြင်ရဲ့။
ပင်လည်ထဲကပြန်လာရင်တော့ အလွမ်းတွေယူမလာနဲ့ပေါ့ကွယ်။
တကယ်တော့ သူကိုယ်တိုင်ကိုမသိခဲ့တာပါ။ ကျွန်တော်က သူ့ကိုမသိမသာ ချစ်နေမိခဲ့တာ။ကျွန်တော် တစ်ကိုယ်ကောင်းဆန်စွာ သူ့ကိုချစ်နေခဲ့တာပဲလား။
အလွမ်းတွေနဲ့ရင်ဆိုင်ရတဲ့အချိန်ရောက်တော့ ကျွန်တော် ဖြားသွားခဲ့တယ်။
ငါမချစ်တက်ဘူး"လို့ သူမပြောဘူးတယ်။ ကျွန်တော်ကလည်းမချစ်တက်ပဲချစ်ခဲ့တဲ့ကောင်ပါ။
သူမ
ကျွန်တော့်ကိုတစ်ခါတစ်လေ သတိရနိုင်လား။
တကယ်ပါ
ကျွန်တော်မမျှော်လင့်ရဲဘူး။
ဒဏ်ရာတွေက
ဆိုဒါလေးနဲ့ရောသောက်ရင် အဝင်သိပ်မဆိုးပါဘူး
မျုားလာချိန်မှာ ဝေတေတေခံစားမှုကလွဲလို့...
ငါ့အတွက် မိုးစက်တွေက
ရန်ကုန်က နွေရာသီလို ပူလွန်းတယ်။
________
ကျွန်တော်သိချင်နေတာတစ်ခုရှိတယ်။ ပတ်ဝန်းကြင်အခြေအနေတွေက
ကျွန်တော်တို့ခံစားမှုတွေကိုလွှမ်းမိုးနိုင်မလား
ဆိုတာပါပဲ။သေချာတယ်လက်ရှိအခြေအနေမှာ
ရေပန်းစားနေမဲ့အကြောင်းအရာက
ဂျပန်ကဆူနာမီဖြစ်ရမယ်။
နောက်ပြီးအက်စစ်မိုးရွာမယ်ဆိုတဲ့
ကောလဟာလအကြောင်းဖြစ်ရမယ်။
ကျွန်တော်အဲ့ဒိအကြောင်းတစ်စုံတစ်ရာ
မရေးမိအောင်ကြိုးစားနေမိတယ်။
ဟောကြည့်ရေးမိသွားပြီ၊ အဲ့လိုပဲကျွန်တော့်အပေါ် ပတ်ဝန်းကျင်အခြေအနေတွေကလွှမ်းမိုးနေတယ်ဆိုတာ...။
မိုးရွာနေပြီဆိုရင်ကျွန်တော်တစုံတရာကိုခံစားမိနေသလိုပဲ...။
လွမ်းလွမ်းဆွေးဆွေးခံစားမှုမျိုးဖြစ်နိုင်တယ်..။ဟောကြည့်ဒါလည်းပတ်ဝန်းကျင်အခြေအနေတစ်ခုပဲ...။
ကျွန်တော့်စာလဲပြောနေကြဇူးဇ်နတ်မင်းနဲ့အလင်းနဲ့အမှောင်နဲ့ပြသနာလိုဖြစ်နေပါပြီကောလား။ အဲ ပြသနာတွေရဲ့အရင်းအမြစ်ကိုရှာပြီ။အဲအဲ့လိုပြောပြန်တော့ ၊မြှားဒဏ်ရာကိုကုမလား၊ပြစ်တဲ့မြှားကိုရှာမလား ဒီနေရာရောက်လာပြန်ပကော။အဲ့လိုနဲ့သံသရာလည်နေတာ။နောက်တော့လဲ
ဘာမှမဟုတ်သလိုပဲထားလိုက်ပြီ။
"ဗိုက်စာနေ၍ ကဗျာရေး၍မရ" (ကိုအောင်ချိမ့်-လက်ရှိအခြေအနေ)
ဒီစာလေးကကျွန်တော်ကိုဒီလိုအတွေးတွေစာဝင်စေတာလားပဲ...။ ဟုတ်တယ်လက်ရှိအခြေအနေတွေက ကျွန်တော့်တို့ကိုမိနစ်တိုင်းလွှမ်းမိုးနေတယ်။ကျွန်တော်အာမ မခံ နိုင်တာတစ်ခုရှိတယ်ဒီစာဖတ်ပြီးရင်ခင်ဗျားကိုအကျိုးတစ်ခုခုဖြစ်စေနိုင်တယ်ဆိုတာမသေချာဘူး ခံစားမှုတစ်ခုခုပေးမယ်လို့တဲ့ထင်တယ်။ဥပမာခင်ဗျားရဲ့လက်ရှိအခြေအနေကိုသတိထားမိတာမျိုးပေါ့။
အဲအခုစာကြောင်းဆုံးသွားရင်လဲမသေချာတော့ပြန်ဘူးခင်ဗျားကိုယ်တိုင်ဒီစာရဲ့လွှမ်းမိုးမှုကိုမကျေမနပ်ဖြစ်ပြီး တမင်မသိသလိုလဲနေနိုင်တယ်။မသိသလိုနေနေတာကိုက ခံစားမှုတစ်ခုဖြစ်နေပြန်ရော။ အဲဒီလိုနဲ့ပထမစာကမှန်သွားပြန်ရော။အဲအခုပြန်မှားသွားပြန်ပြီ။ဟောပြန်မှန်သွားပြန်ပြီ။
သံသရာကအတော်လည်လာပြီ။ကျွန်တော်တို့ကပဲအရောင်ထင်လွယ်သလား၊ကျွန်တော်တို့ကြောင့်ပဲ
အရောင်တွေထင်သလားသေသေချာချာမသိဘူး၊ကြိမ်းသေတာ အရောင်တွေတော့ရှိနေပြီ။တကယ်ပဲသတ်မှတ်ချက်တွေရှိနေတာပဲ။အခုပဲကြည့်လေ ကျွန်တော်ကအရစ်ရှည်ပြီးစထားတဲ့စာလေးကိုဘယ်လိုလေးအဆုံးသတ်ရမလဲစဉ်းစားနေရပြီ။
ဟောကြည့်ကြည့်ဦး တကယ်ပဲအဆုံးအသတ်တစ်ခုလိုအပ်နေတာရော ဟုတ်လို့လား။ အခုအနေအဆုံးသတ်လိုက်ရင်ရောစာကတိုနေမလား။ဒီစာကရှည်ဖို့ရောလိုလို့လား။
တိုဖို့ရောလိုလို့လား။ခေါင်းစဉ်တစ်ခုတပ်ရမယ်ဆိုရင်ရောဘာတပ်ရမလဲ။
ကျွန်တော်ကရောဘာကိုရည်ရွယ်တာလဲ။ဟောမရည်မရွယ်ထားဘူး။
အဲရည်ရွယ်ထားတယ်။ကဲကြည့်ထပ်လည်နေပြန်ပြီ။လည်တာတွေများနေတော့လည်မူးနေပြန်ရော အကုန်မူးနေတော့ ပုံမှန်ပြန်ဖြစ်သွားရော၊ဟောပုံမှန်ဖြစ်နေတာကနေ အရည်ဝင်ပြီးမူးလာတော့တော့ မူလအနေအထားပြန်ရောက်ပြန်ရော။အဲပတ်ချာကပြန်လည်နေပြီ။အရက်သမားတွေလဲ ကျွန်တော့်ကြောင်းမူးကောင်းမူးနေနိုင်ပြန်ပြီ။
အကုန်လုံးမိုးခါးရေသောက်ကြရပြီဆိုပါတော့၊ လူတစ်ယောက်က မသောက်ဘူးတင်းခံတယ်၊ အဲမသောက်ဘူး၊ဟုတ်တယ်၊မသောက်ဘူး၊မသောက်ဘူး၊မိုးခါးရေသောက်ရင်ရူးနိုင်တယ်။
အဲတင်းခံလိုက်တာတစ်လောကလုံးမိုးခါရေးသောက်ပြီးချိန်မှာသူကျန်နေတယ်မသောက်သေးဘူး၊
ဒီအချိန်မှာပဲသူအလိုလိုအရူးဖြစ်သွားရော။အဲကောင်းနေတဲ့လူကရူးတာလား၊ရူးနေတဲ့လူမှကောင်းတာလား။
မူးနေတဲ့လူမှကောင်းတာလား၊အမူးပြေတဲ့လူမှကောင်းတာလား။ကျွန်တော်က မူးနေတာလား၊ရူးနေတာလား။ အားလုံးကရော။ မေးလိုက်ဖြေလိုက်နဲ့ သံသရာက ဆန့်မရအောင်ရှည်သွားပြန်ရော...။အသာလေးအရောင်ပြောင်းတက်စီးသွားယုံနဲ့ပြီးနေတာကို အလုပ်ရှုပ်ခံနေမိတာများလား။ ဘယ်တော့မှရှင်းမရနိုင်တာမျိုးလား။ဘာဖြစ်ဖြစ်မနက်ဖြန်မှာမျက်နှာသစ်ဖို့ ဒီလည်နေတာကြီးမှာဆက်မျောနေဖို့လိုသေးတာပဲနော့်...။
အမှတ်ရစာတစ်ခုခုကြုံတွေ့တိုင်း ကျွန်တော်သတိရရနေတက်ပါသည်။ သူမလည်းကျွန်တော့်လို တစ်ခုခုခံစားနေရမည်ဟုကျွန်တော်ထင်သည်။
ဟုတ်ချင်မှလဲ ဟုတ်လိမ့်မည် ။ သူမသည်အဆိုးမရသည့် မိုးစက်ပွင့်လေးတစ်ပွင့်နှင့်တူသည်ဟူ ကျွန်တော်ထင်သည်။ ကျွန်တော်နှင့်သူကြားမှာ မိုးစက်ပွင့်လေးပေါင်းများစွာ
ဖြတ်စီးဆင်းဖူးပါသည်။ သူမနှင့်ကျွန်တော်နှင့်လက်ချင်းတွဲပြီးလမ်းအတော်များများလဲလျှောက်ခဲ့ကြပါသည်။ ကျွန်တော်နဲ့သူမတို့ ကျောခိုင်းချိန်တွင် တော့
ကျွန်တော်သူမကို မလှည့်ကြည့်မိခဲ့။ သူမလဲလည့်ကြည့်မှာမဟုတ်ဘူး တစ်ထစ်ချယုံကြည်သည်။
အခုတော့ကျွန်တော်တစ်ယောက်ထဲ ထိုင်နေကြတောင်ကုန်းလေးထိပ်မှာ တစ်ယောက်ထဲထိုင်နေပြီး တစ်ခါတုန်းက သူမနဲ့ကျွန်တော်တို့၏ အမှတ်တရလေးများကို သတိရနေမိပါသည်။The Ritz Cafe မှာအတူထိုင်ခဲ့စဉ်က သူမပြုံးခဲ့တဲ့အပြုံးတစ်ချို့က ပျောက်ပြယ်ခဲ့ပါပြီ။ အခြားတစ်ယောက်နှင့်သူမပြုံးနေနိုင်ပါသည်။မသေတော့ မသေချာပါ။ မသေချာပါ... ကျွန်တော်ကဘယ်သောအခါကမျှ မသေချာခဲ့ပါ။
"ဝက်ခြံတွေ့ရင်လေညှစ်လိုက်ရမှကျေနပ်တာ"
"နင့်မျက်နှာမှာ ငါစိတ်ဝင်စားတာတစ်ခု ရှိတယ် သိလား"
ကျွန်တော်သူ့ကိုငါ့ဝက်ခြံတွေမလားဆိုတော့"အင်း"လို့ပြန်ဖြေတက်တဲ့သူမကိုသတိရပါသည်။သူပြောခဲ့သလို သူမသည်ကျွန်တော့်ကိုအဆုံးစွန်အထိနားမလည်ခဲ့ပါ။ထိုနည်၎င်း ကျွန်တော် သည်အချစ်ကိုသေသေချာချာနားမလည်ခဲ့ပါ။ အချစ်သည် ကျွန်တော်တို့ အတူတူစားခဲ့သော အာလူးကြော်ကလေးများလို့ အဓိပ္ပါယ်ဖွင့်ဆိုလျှင်ရော ... သူမ မည်သို့တုန့်ပြန်မည်နည်း။ မိုးစက်လေးများ ကျွန်တော့်အပေါ်ကျလာပါသည်။ဆိုင်သလား မဆိုင်သလားတော့မသိပါ ကျွန်တော် သူမကိုလွမ်းမိပါသည်။သူမအကြောင်းတော်တော်များများကျွန်တော့်ဦးနှောက်ထဲကဆွဲထုတ်နေမိပါသည်။ "ငါ့ရည်စားထဲမှာ နင်က အရုပ်အဆိုးဆုံးပဲ"လို့သူမ ပြော ဘူးပါသည်။ကျွန်တော်သည် ဒုက္ခများကြားမှ အခက်အခဲများကြမှ ရဲရဲဝံ့ဝံ့ သူမကို ချစ်ကြောင်းပြောခဲ့ပါသည်။သူလဲ ကျွန်တော့်ကို ချစ်သည်ဟုပြန်ပြောခဲ့ပါသည်။
ငွေကြေးအပါအဝင် အဘက်ဘက်မှ အဆင်မပြေမှုများနှင့် သူနှင့်ကျွန်တော် ပြသနာတွေတက်ခဲ့ကြ၊ပြန်ပြေလည်ခဲ့ကြနှင့် တစ်ဦးကိုတစ်ဦး ချစ်ခဲ့ကြပါသည်။
ယခုတော့ ကျွန်တော့်ထက် ပြည့်စုံသူတစ်ယောက်နှင့်သူမအဆင်ပြေနေပြီဟု ထင်သည်။ သူနှင့်သူမလဲရန်ဖြစ်နေနိုင်ပါသည်။ သူမအပေါ် ကျွန်တော်သိလျှက်နှင့်
ကြူးလွန်မိချင်းတစ်ခုရှိသည်။ သူမသည်နမ်းခြင်းကို မုန်းသူတစ်ယောက်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ သူမနှင့်ကျွန်တော်ကြားထဲတွင်ကျွန်တော် သိလျှက်နဲ့ ကြူးလွန်ခဲ့သော အနမ်းတစ်ချို့ရှိသည်။ ရုပ်ရှင်ရုံထဲ၊ကျွန်တော့်ရုံးခန်းကျဉ်းကျဉ်းလေးထဲ၊ အင်းယား ကန်ဘောင်က A21 ဟုရေးထားသောထိုင်ခုံပေါ်၊ တစ်ခါတစ်ခါပိတ်ပိတ်နေတက်တဲ့ The Ritz ကော်ဖီဆိုင်၊ Coffee Circle ရဲ့ အပေါ်ထပ် The Vue ကော်ဖီဆိုင်၊ ချောင်းသာမှဟော်တယ်အခန်းလေး၊ အာရှနဂါးExpress ကားပေါ် ၊ အစအစရှိသောနေရာတွေတွင် သူမအားကျွန်တော်အနမ်းတစ်ချို့ ကြူးလွန်ခဲ့သည်။ ထို့အနမ်းမှအပ ကျွန်တော်တို့ များစွာစောင့်ထိမ်းခဲ့ကြသည်။ ယခုတော့ ကျွန်တော်နမ်းခဲ့သော ဖြူဖြူစင်စင် အနမ်းမျိုးအား အချားလူတစ်ယောက်ပိုင်ဆိုင်နေပြီဟုထင်မိသည် ထို့အတူ သူမကျွန်တော်တို့စောင့်ထိမ်းခဲ့ကြသောဖြူစင်မှုမျိုးကို သူစောင့်ထိမ်းနေမည်ဟု ကျွန်တော်တထစ်ချယုံကြည်နေမိပါသည်။ ယခုတော့ သူမကိုကျွန်တော်မနမ်းတော့ပါ။ ထို့အတူ ကျွန်တော်အနာဂါတ်တွင် အနမ်းတွေအစား သူမအား လွမ်းနေသည့် အလွမ်းများသာ ကျန်ရစ်နေပါတော့သည်။
လောလောလတ်လတ်အခြေအနေရ ရာသီဥတုသည် ကျွန်တော့်ဘက်ပါတော့မလို မပါတော့လိုနဲ့ ညိုမလို လင်းမလိုဖြစ်နေသည်။
လှမ်းမျှော်ကြည့်ရင်မြင်နိုင်သော မီးခိုးများအူ၍ ထွက်နေသော တောင်စောင်းတစ်နေရာလဲတွေ့နေရသေးသည်။
လွန်ခဲ့သောမိနစ်အနည်းငယ်က တီးထားသော ဂစ်တာလေးသည် ပိုးလိုးပက်လတ်လဲနေသည်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ် မယင်ငယ် တုန်းပိသံ နှင့်ဆိုထားသည်
"တိတ်တိတ်ဆိတ်ဆိတ်နဲ့သိနားလည်ငိုကျွေးဖို့..."ဆိုတဲ့ chorusလေးညည်းမိတိုင်း မောင်မောင်ဇော်လတ်ကို ကျွန်တော် ချီးကြူးမိသည်။ ချီးကြူးမိသည့်စကားလုံး အား ကျွန်တော် ချေးကြူးမိသည်ဟု ပေါင်းမိသည် ထို့နောက် ခြီးကြူးမိသည်ဟုပေါင်းမိသည် နောက်ဆုံး စောစောက စာကြောင်းမှာလိုပေါင်းလိုက်သည်။ မှန်ချင်မှန်မည် မှားချင်လဲမှာနေနိုင်သည် ။ စာလုံးပေါင်းသတ်ပုံ အတွက် ကျွန်တော်တာဝန်မယူနိုင်။ လောလောလတ်လတ် အခြေအနေရ နားထဲတွင်ရယ်သံအချို့ကိုစိတ်တိုနေသည်။
ဘဝဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်နေသည် ကျွန်တော် အနည်းငယ်ရယ်ချင်သွားသည်။ ဟုတ်သည် ... သူ့ဟာသူ ဆောက်တလွဲဖြစ်နေသည်။ ခပ်ရိုင်းရိုင်သုံးမိ၍လားမသိ ရန်ကုန်မှ မာဆက်အမည်ခံ ဘိတွေအကြောင်းသတိရသည်။ ကျွန်တော်သိနားလည်စွာ ကစားဖူးသော နေရာများဖြစ်သည်။ ထို့နောက်တစ်နေကုန်အင်တာနက်ထိုင်သုံး ဘူးသော တိုကျိုဒိုးနပ်ကိုသတိရသည်။ ကျွန်တော့်ကို စာလုံးပေါင်းမှာသည်ဟု ဝေဖန်တက်သူများကိုလဲသတိရနေသည်။ ဘဝမှာ ကျွန်တော် ဘယ်သောအခါမှ သတ်ပုံ မစစ်ပါ....။ လက်ရှိအနေအထားရ ကျွန်တော်မှားနေနိုင်သည် မြင်ခဲ့သည်ပင်လျှင် အမှန်ကိုပြင်ဖို့ကျွန်တော့်တွင်အစီအစဉ်မရှိ။ အစီအစဉ်ဟူ၍ ဆိုရအောင်လည်း မည်သည့်အရာက အစဉ်လိုက်လာနေသနည်း....။ ဖြေပါ။မဖြေနိုင်လဲနေပါ။ ထူးအိမ်သင်ဆုံးသွားတာကြာပြီ ဒါကိုကျွန်တော်သိသည် ခင်ဗျားတို့လဲသိပါလိမ့်မည်
သူ့သီချင်းတချို့ရှင်သန်နေသည်.... ချစ်ချင်းအားဖြင့် သူ့၏ အခြားသောဖန်တီးမှုများကိုတောင့်တသည်။ အနည်းဆုံးသော မိမိဒိုင်ယာရီ မှ ကောင်းနိုးရာရာများ(အကောင်းခြည်းပဲရေးထားသော မှတ်တမ်းများ) အားကောက်နှုတ်၍ စာအုပ်ရေးရောင်းသူများကို အမြင်အနည်းငယ်ကတ်နေသည်။ ထို့နောက်စကားကြီးစကားကြယ် ပြောလွန်းသော လူတစ်ယောက်ကို ဘယ်လိုစာမျိုးနဲ့စောင်းချိတ်ရင်ကောင်းမလဲစဉ်းစားမိသည်။ ယခုလောက်နှင့်လုံလောက်ပြီဟုထင်တယ်။
အတိတ်သည် ခပ်မှိန်မှိန် ရှိနေသလို အနာဂါတ်သည် ဝိုးတိုးဝါးတားဖြစ်နေသည်။ မနေ့ညက မန်ယူရှုံးသည် ကျွန်တော်ပျော်သည်။
ဘာရယ်မဟုတ် သူတို့ကိုမုန်းသည်။ သူတို့လဲ ကျွန်တော့်အားသိမည်ဆိုလျှင် မုန်းနိုင်ပါသည် ။သို့သော် သူတို့ကျွန်တော့်အားမသိသဖြင့်
အမုန်းသံသရာမရှည်တော့ ကံကောင်းသည်။ မဆီမဆိုင် လွန်ခဲ့သောလအနည်းငယ်ကလားမသိတော့ သေသွားပြီကြားသော ရေဘဝဲပေါလ်အားသတိရသည်။
ပြည့်ကြီးငါး ,ကင်းမွန်သို့မဟုတ်ရေဘဝဲ ထုတ်ထုတ် ထုတ်ထုတ်နေမည့် ပင်စာအချို့စားချင်နေသည်။ မနက်တုန်းက ပိုတဲ့ အီကြာကွေးလေးလဲ ကျွန်တော့်လို ပျောတီးပျော့ဖတ်ဖြစ်နေပြီဟုထင်တယ်။ညနေလေးနာရီခွဲကျော်ပြီ ယခု ကျွန်တော်လဲ နှစ်လုံးထီထွက်ချိန်ကို သတိမိလာကြောင်းစဉ်းစားမိသည်။
ထိပ်စီးငြိမ်လောက်ပြီဟုထင်သည်၊ ဖြစ်ချင်ရာဖြစ်နိုင်သည်။ယနေ့ခန့်မှန်းချက်များအရ မနက်ဖြန်ဖြစ်လာမည့်အကြောင်းတရားများအား မနက်ဖြန်တွင်သိနိုင်မည်ဟု သတင်းရရှိပါသည်။
ကျွန်တော်တို့တွေလောကကြီးကိုတန်ဖိုးတွေကိုယ်စီကိုယ်စီသတ်မှတ်ခဲ့ကြတယ် ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့အတွေးတွေ ကျွန်တော်တို့အတ္တတွေနဲ့ ဘဝတွေကိုတည်ဆောက်ခဲ့ကြတယ် အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ကျွန်တော်တို့က ပုံစံခွက်တစ်ခုထဲမှာအံဝင်ခွင်ကြနေထိုင်ခဲ့ကြရတာမဟုတ်လား။
ဆိုကြပါစို့ ကျွန်တော်တို့တွေကို မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အကောင်းအဆိုးတွေဝေဖန်ချက်တွေရှိလာတယ်ပေါ့ မူးယစ်ဆေးဝါးသည် ခဏတာမျှ သာယာမှုပေး၍ ဆင်းရဲမှုပေါင်းများစွာ ပျက်စီးမှုပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်တာကြောင့် လူ့အဖွဲ့အစည်းမှတားမြစ်သည် ဆိုပါစို့ .... အဲ့ဒိမှာတင် လူ့အဖွဲ့အစည်းရဲ့ လောလော လတ်လတ်ဘဝ ကိုဖက်တွယ်လိုမှုတွေအထင်းသာမြင်နိုင်တယ်လို့ထင်တယ်။အကယ်၍ ကျွန်တော်တို့ထဲက တစ်စုံတစ်ယောက်သာ ထိုအဖွဲ့အစည်းကို ဆန့်ကျင်မိ ခဲ့ပြီဆိုလျှင်လဲ ထိုသူကို လူ့အဖွဲ့အစည်းက အနှေးနဲ့အမြန်ဖြတ်ထုတ်ပြစ်ဖို့ကြိုးစားမည်မှာအသေအချာပင်ဖြစ်သည်။ ကျွန်တော်တို့တွေသည် ဥပဒေတွေတည်ထွင်ခဲ့
ကြသည်၊ကျွန်တော်တို့ထဲမှာ လူတစ်ချို့က ဘုရားသခင်ကိုယ်စီဖန်တီး၍ ကျွန်တော်တို့အား နှစ်ပေါင်းထောင်ချီ သူတို့နာမည်ကျန်ရစ်စေကာ အနိုင်ယူဗိုလ်ကြခဲ့သည်
ကျွန်တော်တို့သည် အမှန်အမှားတွေအတွက် စစ်ပွဲတွေဖန်တီးခဲ့သည် ကျွန်တော်တို့တွေ ထဲမှ အရာရာကိုဖန်တီးခဲ့ကြသည်။ ကျွန်တော်တို့အားလုံးသည် အမှန် ၊
အမှားကြာမှာ ပိတ်မိနေကြသူတွေသာဖြစ်ကြပါသည်။
လွန်ခဲ့သောရက်အနည်းငယ်က ကျွန်တော့်သူငယ်ချင်းရဲ့အမျိုးသမီးက သူတို့၏ ကလေးသည်အရာရာသာမာန်ဖြစ်ကြောင်းပြောခဲ့ရာ မဆီမဆိုင် ကမူး၏ The Outsider(စည်းပြင်ကလူ)အပေါ်ဆရာ ထင်လင်းဘာသာပြန်ရာရေးသားခဲ့ရာ ဖတ်ခဲ့မိသောအမှာစာက စိတ်ထဲရောက်လာပါတယ်။ ကျွန်တော်တို့အားလုံသည် ပုံမှန်အနေအထားဖြစ်ကြပါသည် ကျွန်တော်တို၏ အသက်ရှူသံများတွင်ပင်မူ ပုံမှန်အနေအထားမျိုးဖြစ်ကြသည်။ ကျွန်တော်တို့တွင် တစ်ယောက်ယောက်၏ အခြေခံအားဖြင့် မိမိအပေါ်အားကြခံလိုခြင်း မိမိအားကြရသောလူများနေရာတွင် အစားထိုးချင်း၊ ဇတ်ကောင်တစ်ချို့နေရာတွင်မိမိကိုယ်ကိုယ် အစားထိုးကာ Shakespears ၏ပြဇတ်ဆန်ဆန်ဇတ်လမ်းများဖန်တီးခဲ့ကြခြင်း စသည်ဖြင့် အတော်ခပ်ဆင်ဆင် တူနေကြသည်။ ကျွန်တော်တို့သည် မာဆိုးကဲ့သို့စည်းပြင်ကလူ ကိုလည်း ထိုပုံပြင်အတိုင်းသာ စီရင်ခဲ့မည့်သူများသာ ဖြစ်ကြပါသည်။လောကတွင်အခြားသောအရာများနှင့်အသက်ရှင်သန်ရန် ကြိုးစားခဲ့ကြ ရာတွင်လည်း ဘဝနဲ့ချည်ကာ လိမ်ညာတက်သူများဖြစ်ကြပါသည်။တကယ်တော့ လောကတွင် ကောင်းခြင်း၊ဆိုးခြင်း၊ မှန်ခြင်း၊မှားခြင်းအားလုံးသည်လဲ ကျွန်တော်တို့ကိုယ် တိုင်ရေးသားခဲ့သည် ဥပဒေများသာဖြစ်ကြပါသည်။
ကျွန်တော်တို့သည် ကိုယ်တိုင်ရေးသားခဲ့သော အရာများနှင့်ပိတ်မိနေတက်ကြသည်။ထို့အပြင်အခြားလူများရေးသားခဲ့သောအရာများတွင်လည်း ပိတ်မိနေတက်ကြသည်။ ကျွန်တော်တို့အချို့သည်ထဲမှ စည်းမျဉ်းစည်းကမ်းများနှင့် တကွ ဘာသာတရားအချို့တီထွင်ခဲ့သည်။ ထို့အတူ ဘုရားသခင်ဆိုသည့် မင်းသားခေါင်းနှင့်ဘီလူးများကိုလည်းဖန်တီးခဲ့ကြသည်။ ကျွန်တော်တွေ့ရှိခဲ့သော် ဘာသာတရာများတွင် ဖန်တီးသူများ၏ လောဘအချို့လဲပါရှိလာတက်ပါသည်
မိမိကိုယ်ကိုယ်အားကိုချင်စိတ်နည်းသောသူများသည် ထိုဇတ်ကောင်အား အဆမတန်အားကိုးတက်ကြသည်။ ကျွန်တော်အားလုံးသည် ကျွန်တော်တို့၏ အပြုအမူများ နှင့်တိုက်ရိုက် အချိုးကြ ဖြစ်တည်နေကြသူများသာဖြစ်ကြသည်။ ထို့ကဲ့သို့နောက်တွင်ကြိုးကိုင်နေမည့် ဇတ်ကောင် တစ်ကောင်မှမရှိသည်မှာ ကြိမ်းသေသည်ဟု ယုံကြည်ပါသည်။
အမှန်က ကျွန်တော်တို့သည် မျဉ်းများနှင့်ပိတ်မိနေခဲ့ကြသည်၊ ထိုမျဉ်များသည် ကျွန်တော်တို့၏ ဘဝများကို ကန့်လန့်ဖြတ်အနေအထားလည်းကောင်း၊ထောင်လိုက် အနေအထားလည်းကောင်း ကျွန်တော်တို့ကိုယ်တိုင်ရေးဆွဲခဲ့ကြသည် ။ဒီဂရီအနည်းငယ် တိမ်းဆောင်းယုံမှလွဲ၍ ခပ်ဆင်ဆင်တူသော မျဉ်းများနှင့်သာ အသက်ရှင်နေခဲ့ကြသူများဖြစ်ပါသည်။
အရင်လိုပါပဲလို့ သံပြိုင်အော်တော့ ကျွန်တော် အတော့ကိုမူးနေပြီ။
ကျွန်တော့်သူငယ်ချင်းတွေလဲ မူးနေလောက်ပြီ။
လက်ထဲက Guitar က Chords တွေကို ဘယ်လိုလိုက်ပြောင်းနေမှန်းတောင်မသိတော့ဘူး။
ဘေးကသူငယ်ချင်းက အောင်မြင့်မြတ်ချကွာ ဆို အဖြူရောင် အရည်တစ်ချို့ထပ်ထည့်ပေးတာမှတ်မိတယ်။
"ဒီနေရာကမင်းသိတဲ့ အတိုင်းပဲ ပတ်ဝန်းကျင်တစ်ခုလုံးရက်ရက်စက်စက်အေးစက်နေတာ မင်းရင်ဘတ်ထဲကို
နွေးထွေးတဲ့ ဒီအရက်ပဲဝင်နိုင်တယ်" လို့ပြောမှ ပတ်ဝန်းကျင်ရင် အေးစက်မှုဒဏ်ကိုသတိထားမိတယ်
နောက်ပြီး တစ်ကြိုက်မော့ချလိုက်တယ်။
"ကဲကဲ နောက်တစ်ပုဒ်"လို့ တစ်ယောက်က ထပြောတော့ ကျွန်တော်က
ကိုယ့်ဟာကိုမှန်မယ်ထင်တဲ့D key လေးနဲ့ ထူးအယ်လင်းနဲ့ မီးမီးခဲ ဆိုထားတဲ့ "မင်း" ကို
Intro အလုံးလေးတွေ စတီးလိုက်တယ်။
"ကမ္ဘာလောကကြီးခဏရပ်တံ့သွားသလိုပဲ ငါထင်တယ် မင်းနဲ့ဆုံတိုင်းကွယ်" ဆိုတဲ့စာသားကို စဆိုလိုက်တော့
သူငယ်ချင်းတွေက စိတ်မကောင်းသလိုကြည့်တယ် ပြီးတော့လိုက်မဆိုကြဘူး။
Chours ပိုဒ်မှာ မင်းဆိုတာ "မီး" ဆိုပြီးအစားထိုးဆိုဆိုနေလို့ မင်းရူးနေပြီလို့ သူတို့ပြောဘူးကြတာကိုး။
"သေချာတယ် ငါ့ရဲ့အသက်ဟာ မင်းပဲ"လို့သီချင်းကိုဆုံးချိန်မှာတော့ သူငယ်ချင်းတစ်ယောက်က ပုခုံးကိုလာ ကိုင်ပြီး။
"သားကြီး ငါစိတ်မကောင်းပါဘူးကွာ"လို့ပြောတော့ ကျွန်တော်"၀မ်းသာမိသေးတယ်"
ကျွန်တော်ပြန်ရောက်နေတဲ့ အရပ်ကနေ သူ့ စီကို မိသားစု ဘ၀တစ်ခု နွေးထွေးမှုတစ်ခု ကို မျှော်လင့်ပြီးထွက်သွားခဲ့တာ
လွန်ခဲ့တဲ့ ရှစ်လလောက်ကပေါ့။ အခုလိုပြန်လာဖြစ်လိမ့်မယ်လို ကြိုမတွေးထားလို့ အပြီးနှုတ်ဆက်ခဲ့တဲ့ အကိုလိုကျွန်တော့်အပေါ်ကောင်းတဲ့
သူငယ်ချင်းက "မင်းကြောင့် ငါတို့ဘယ်လောက်ရင်နာခဲ့ရလဲ"လို့ပြောတုန်းက အင်မတန်စိတ်မကောင်းဖြစ်မိတယ်။
"ဘာဖြစ်ဖြစ်ပြန်တွေ့တာဝမ်းသာတယ်"လို့ပြောပြီး ပွေ့ဖတ်လိုက်တော့မှ အေးစက်စက်အရပ်ဒေသက နွေးထွေးမှုကို ရှားရှားပါပါးရှာတွေ့ခဲ့ရတာ။
ကောင်မလေးရေ မင်းတို့ရဲ့ ခပ်ပူပူ အရပ်ဒေသ က မင်းပြောခဲ့တဲ့ အချစ်တွေက နားလည်မှု ဆိုတာ တည်ဆောက်ဖို့မှမဖြစ်နိုင်ခဲ့ကြပဲ။
ခပ်ကြမ်းကြမ်း အဖြူရေတွေကို တလှည့် ရေကိုတလှည့် သောက်ပြီး ပဲကြမ်းတစ်စေ့နှစ်စေ့ဝါးပြီးတော့ခွဲသွားတဲ့ သူငယ်ချင်းတွေအကြောင်းပြောတော့ ပြောမိသေးတယ်"ဘယ်လိုမှ မထင်ထားတဲ့ခွဲခွာမှုတွေနဲ့ ငါတို့ခွဲခွာခဲ့ရတယ် ဟောအခု ဘယ်လိုမှ မထင်နဲ့ ဆုံစည်းမှုတွေနဲ့ ပြန်ဆုံကြတယ်
တစ်နေ့ပြန်ဆုံရမယ်"ဆိုတဲ့ ယုံကြည်ချက်တွေ ပြန်ပြည့်လာတော့အားလုံး ၀မ်းနည်းတာ နည်းနည်းလျော့သွားကြတယ်။
အဲ့ဒိစကားကိုလက်လွတ်စပယ်ပြောပြီးတော့ အရက်ခွက်ကို မော့ချလိုက်တော့မှ စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်။
"ကောင်မလေးရေ မင်းနဲ့အတော်ဝေးကွာသွားကြပြီ" အလင်းမျှော်စင်ထဲကလို မျှော်ခဲ့သလို မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ နေ ကနေတောင် နေရောင်ခြည် ရောက်နေနိုင်တာပဲ ဆိုတဲ့ယုံကြည်ချက်တွေ ပြောက်သွားပြီကွာ.။ ဒီနေရောင်ကို ကမ္ဘာကတောင် အချိန်အပိုင်းအခြားနဲ့သာ ပိုင်ဆိုင်ခဲ့ရတာ
မဟုတ်လား။ တစ်ဖက်လင်းဖို့ တစ်ဖက်က မှောင်ပေးခဲ့ရတာချည်းပဲလေ။ ငါကလောဘကြီးပြီး ပိုင်ဆိုင်ချင်ခဲ့တာ....။
ငါဆိုတဲ့ကောင်က အလင်းတိုးမပေါက်မှောင်တာလေ ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အလင်းဆိုတာ ကို မျက်စိကြိမ်းစွာခံစားခွင့်ရတဲ့တာအတွက်ပေါ့။
အခုတော့ ငါ့အရင်ဘ၀ အရင်နေရာမှာငါ ပျော်ပျော်ကြီးအသက်ရှင်ဖို့ အဆင်ပြေပြီ...။မင်းကတော့ မေ့လျော့ဖို့ အဆင်သင့်ဖြစ်နေပါပြီလေ။
အချိန်အခါမဟုတ်တဲ့ရွာချတဲ့မိုးကြောင့် နည်းနည်းလန့်သွားသေးတယ် နောက်တော့ဒီနေရာမှာထူးဆန်းတဲ့ကိစ္စမဟုတ်တော့စိတ်ထဲကပြုံးလိုက်မိသေးတယ်။
နောက်တစ်ပုဒ်ကတော့ F Chord လေးကိုကိုင်ပြီး "မိုးစက်တွေနဲ့ လေနဲ့ရောပြီးအပြေးနှင်လို့ရွာလေတိုင်း...."ဆိုပြီးIntro လေးအော်လိုက်တော့ သူငယ်ချင်းတွေအကုန်တူတူလိုက်ဆိုကြ နောက်Guitarတစ်လက်နဲ့ သူငယ်ချင်းတစ်ယောက်က ၀င်တီးနဲ့ကျွန်တော်တို့ ပွဲလေးကစိုစိုပြေပြေလေးပြန်ဖြစ်သွားပါတယ်။
နောက်တစ်ခွက်ပြီး နောက်တစ်ခွက် နောက်တစ်ခွက်နဲ့ အတော်မူးလာတဲ့အချိန်မှာတော့ ခေါင်းမိုးကယိုနေတဲ့ ရေကိုတောင်ဂရုမဆိုက်အားတော့ဘူး ထိုးအိပ်ဖို့ပြင်ကြတော့ သူချုံနေတဲ့စောင်လေး လာခြုံပေးတဲ့ သူငယ်ချင်းစီကနေ အတော်နွေးနွေး ခံစားချက်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ် ။ "သူငယ်ချင်းမင်းခြုံအိပ်ပါကွာ"လို့ ပြန်ပေးလိုက်တော့ သူကတို့က အကုန်တူတူခြုံအိပ်ကြမယ် ပြောတော့မှအကုန်သဘောတူကြတယ်။ အဲ့အချိန် အကိုတစ်ယောက်က "မင်းစောင်အားလုံးထက်နွေးမဲ့စောင်လေး ရှိတယ်လေကွာ" လို့ပြောပြီး ကျွန်တော့်ပစ္စည်းထည့်တဲ့အိပ်ကိုမေးငေါ့ပြတော့ "ကျွန်တော်ဒီစောင်ကိုခြုံတော့အိပ်မှာပါ ဘယ်တော့လဲဆိုတော့ ကျွန်တော်အောင်မြင်တဲ့နေ့"လို့ပြောတော့ အံ့သြသလိုကြည့်နေတယ် နောက်တော့မှ "အဲ့ဒါ သူမကိုမေ့သွားမဲ့နေ့ပေါ့အကိုရာ" လို့ပြောတော့ "ဆောရီးညီလေးရာ"ဆိုပြီးပြန်ပြောတယ် နောက်တယ်တူတူအိပ်ယာ ၀င်ဖြစ်ကြတယ်။ မိုးစက်တွေနဲ့အတူ အလွမ်းတွေကလဲ တဖွဲဖွဲ။
တစ်စုံတစ်ရာကိုနားလည်ဖို့အဆင်သင့်မဖြစ်ခင်
ငါတို့က မေ့လျော့ဖို့ပြင်ဆင်ခဲ့တာနော်...။
ချစ်သူရေးပေးခဲ့တဲ့ ဘ၀နေ့စွဲတစ်ချို့ကို
ဆေးရောင်မှိန်မှိန်နဲ့ ပြန်တွေ့ခဲ့ချိန်
သူ့ပေးခဲ့တဲ့ခွန်အားနဲ့ မျှော်လင့်စွာတက်ခဲ့ဖူးတဲ့
တောင်ထိပ်မှာ အသံကုန်အော်ပြစ်လိုက်တယ်
အလွမ်းတွေအကြောင်းပေါ့။
နောက်ဆုံးမှာဝန်ခံခြင်း
ကျွန်တော်ဒီလိုစာမျိုးတွေ မရေးဖြစ်အောင်ထိမ်းသိမ်းသည့်ကြားက မရည်ရွယ်ပဲရေးမိသွားတယ်။အမှန်အတိုင်းဝန်ခံရလျှင် ဒီအလွမ်းတွေက ကျွန်တော့် အက်ကွဲသံတွေပါ။ ဒါပေမယ့် ဒီစာထဲတွင်ပါဝင်သော သက်ဆိုင်သူအား မည်သို့မည်ပုံမျှ စိတ်အနှောက်အရှက်ပေးလိုခြင်း၊ အကြောင်းကြားလိုခြင်းမရှိကြောင်း
မိမိကိုယ်ကို ယုံကြည်သဖြင့် လိပ်ပြာသန့်စွာနဲ့ ကျွန်တော့်blog တွင်ရေးသားလိုက်ပါသည်။ ကျွန်တော်က ချစ်ခြင်းတရား၏ ပါဝင်ပစ္စည်းများအနက်မှ အလွမ်းများ အကြောင်းအား အောက်သက်ကြေစွာ ဖတ်ရှုခဲ့သူတစ်ဦးပါ...။
[၁]
ကျွန်တော်မှာ အရောင်မှိန်ခဲ့တဲ့အိပ်မက်တစ်ချို့ရှိတယ်....။
အဲ့ဒါကိုကျွန်တော်ယူပြီး အခမ်းအနားတစ်ခုပြင်ဆင်လိုက်တယ်
နောက်ပြီးအခမ်းအနားခေါင်းစဉ်းမှာ အိပ်မက်များ၏ဇာပနလို့ပေးလိုက်တယ်။
အဲ့ဒိအခမ်းအနားမှာ ကျွန်တော်နာနာကျင်ကျင်ငိုကျွေးနေခဲ့တာကို ကျွန်တော်တွေ့ရတယ်။
[၂]
ရာသီဥတုခပ်အုံ့အုံ့မှိုင်းကို အရမ်းကြိုက်တက်တဲ့ ကျွန်တော်က တောက်ပခွင့်ဆုံးရှုံးခဲ့လို့
ငိုကျွေးနေတဲ့ကျွန်တော့်ကို တွေ့လိုက်ရတော့ဘယ်လောက်ဝမ်းနည်းသွားတယ်မှတ်လဲ။
တကယ်ပါ ကျွန်တော်မသိတဲ့ ကျွန်တော့်တစ်ခြားတစ်ဖတ်ကို ကျွန်တော်ရောက်သွားခဲ့တာ။
[၃]
ဘ၀ဆိုတာ ကိန်းဂဏန်းတစ်ခု ထားပါတော့....။ အတိတ်တုန်းက ရခဲ့ဘူးတဲ့ ၁မှ၉ အတွင်းက
တန်ဖိုးတစ်ချို့ပါမယ် နောက်ပြီး ခဏခဏတွင်းဆုံးကြတက်တဲ့ သုည တွေအကြောင်းပါမယ်
နောက်ပြီး အနောက်မှာနေလို့မရတဲ့ သုညတစ်လုံးရဲ့ ရာဇ၀င်ပါမယ်။ ဒီလိုနဲ့ ဘ၀က အလိုလို
ပြည့်စုံသွားတယ်။
[၄]
အမုန်းတွေကိုတွေ့တော့ ခါးထဲက တစစ်စစ်နဲ့နာလာတယ် ။
နောက်ကြောကို ဓါးချက်တွေဝင်လာတော့မှ သစ္စာဖောက်ခံရမှန်းသိခဲ့တာ
လုံးဝအဖြူထည် မဟုတ်ခဲ့တောင် အတန်အသင့် ရိုးသားခဲ့တာပါ....။
[၅]
ငယ်ငယ်က အမေဆိုပြတဲ့ မှားတဲ့ဘက်ကသီချင်းနဲ့ ဘ၀ကိုသာယာပြစ်လိုက်တယ်
နောက်ဆုံးတော့ ကျွန်တော် (သို့မဟုတ်) ဗလာ။
[၆]
အခန်းဆက်ဝတ္ထုတွေခေါင်းထဲရောက်လာတော့ ဒုက္ခတွေနဲ့သာယာခဲ့ဘူးတဲ့အိမ်လေးသတိရတယ်။
အလွမ်းတွေအကြောင်း နောက်ကြောင်းပြန်တုန်းက သစ္စာဖောက်ခန်းမပါခဲ့ပါလား...။
[၇]
အရင်တစ်ခါ အရင်နေရာမှာ ဟုတ်တယ်သေချာတယ် ဒါ ဒီဂျာဗူး မဟုတ်ဘူး။
ကျွန်တော် အခုမှတောင်တစ်ခုရဲ့ ထိပ်ကနေ ကောင်းကင်ကို အကြယ်ဆုံးကြည့်ခွင့်ရတာ။
[၈]
ငယ်ငယ်တုန်းက သက်တံဆိုတာကို အသဲအမဲလိုက်ရှာဘူးတယ်....
အရွယ်ရောက်လာချိန်မှာတွေ့လိုက်ရတာ သူဟာလဲခပ်မှိန်မှိန်ရှိနေတက်တာပဲလေ
သက်တံ့ကိုကျွန်တော် အခုအချိန်ထိ ထွန်းထွန်းလင်းလင်း မတွေ့ဘူးတာလဲဖြစ်နိုင်တာပေါ့။
[၉]
ပျံသန်းသွားတဲ့ငှက်ကလေးကိုလှမ်းတွေ့တော့ သနားတယ်
သူ့မှာ အမြင့်ပျံနေနိုင်ပေမဲ့ အောက်က အန္တရာယ်ကိုကြောက်နေရတာလေ။
အဲ့ဒါပဲ ကျွန်တော်က ပုံပြင်ထဲကစပျစ်သီးခူးတဲ့ထဲက မြေခွေးကိုလှောင်တုန်းက
ကိုယ့်ကိုကိုမမြင်သေးဘူး။
[၁၀]
မီးရောင်ခပ်မှိန်မှိန်နဲ့ဒိုင်ယာရီချရေးမယ် တစ်နေ့နေ့ဖြစ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်စာသားလေး
တစ်စွန်းတစ်စပါလာမယ်ဆိုရင် အဲ့ဒါအမှန်တရားဖြစ်နိုင်တယ်။
ဘ၀ဆိုတာ ဇတ်သိမ်းပြေးကြည့်ရင် သိပ်ထူးထူးဆန်းဆန်းတစ်ခုမှမရှိပါဘူးကွယ်။
အမှန်းတစ်ရားတွေသာ ရိုက်မယ်ဆိုရင် ဇတ်သိမ်းခန်းမှာ
ဇတ်ကောင်အကုန်ကို ဒါရိုက်တာတွေ စာရေးဆရာတွေ သတ်ပြစ်ဖို့လိုလာပြီ
Happy Ending ဆိုတာက ဘယ်နားမှာမှရှာမတွေ့တာခက်တယ်။
[၁၁]
Facebook က Life Box ကိုဖွင့်လိုက်တယ် ဘာလေးများထွက်လားမလဲလို့.....
ဘ၀ကိုလဲ ကျွန်တော်ဖွင့်လိုက်တယ် တစ်ခုခုထွက်လာမယ်မှတ်တာ
နောက်ဆုံးတော့ကျွန်တော် ပြာ.......။
[၁၂]
ဒီလိုရှိတယ် သေချင်းတရားမှာ ကိုယ်ပိုင်စီရင်ခွင့် မရှိမရှိငြင်းခုံကြမယ်ဆိုပါစို့
အစွဲတွေမပါဘူးဆိုရင် ရှိတယ်လို့ပြောနိုင်တယ်....
နောက်ဘ၀ဆိုတာရှိမယ်ပဲထားပါဦး သေခြင်းတရားမှာ အရသာအရှိဆုံးက
အရာရာမေ့သွားခြင်းလေ။
[၁၃]
ရယ်သံခပ်ကြယ်ကြယ်နဲ့ မီးရောင်ခပ်မှိန်မှိန်လေးအောက်မှာ သာယာမှုတစ်ချို့ရှိတယ်။
အတူဝေမျှသောက်သုံးခဲ့တဲ့ အပေါစား အရက်တွေအတွက် ကဲ နောက်တစ်ခွက်ဒီမှာ။
Cheers!
သတိရချင်းတွေ ချရေးတုန်းက သူမရှာဖွေမတွေ့ရှိခဲ့သော ကျွန်တော်၏ချစ်ခြင်းအကြောင်း တစ်စွန်းတစ်စပါလာနိုင်တယ်
မှန်သောတရားပါလို့ ပြောပြီးမှားနေတဲ့သီအိုရီတစ်ခု ပါလို့မိမိကိုယ်ကို နာမည်ပေးတုန်းက ခရေပန်းတွေကြွေတဲ့လမ်းလေး
ကျွန်တော်လွမ်းနေမိတယ်...။ တစ်ခုပဲ အဲ့ဒိလမ်းမှာ ကျွန်တော်သူမနဲ့ မလျှောက်ဖြစ်ခဲ့ကြဘူး။
ကဲထားပါလေ ... အရှုံးဆိုတာလဲမရှိဘူး အနိုင်ဆိုတာလဲမပါတဲ့ အရာတစ်ခုလို့ပဲထင်ပါတယ်...။
အမှန်ကလောကကြီးက မျှခြေမှာရှိနေသင့်တာ..။
ကျွန်တော်သူမကို ချစ်ခဲ့တဲ့အချစ်မှာပါကာသနတွေမပါဘူး အရောင်တွေမပါဘူး တစ်ခုခုတော့ပါခဲ့မယ်
အနန္တလို့ပြောထွက်လောက်အောင်လဲ သတ္တိမရှိသေးဘူး....။
လေပေါ်မှာပျံဝဲနေတဲ့စွန်လေးကိုကြည့်ရင်းလွမ်းတယ်။Idream application ထဲက ပင်လည်အော်သံကိုခံစားပြီးလွမ်းတယ်။
အဲ့ အညိုရောင်သံလေးတွေကြားတိုင်းလွမ်းတယ်။ ဒီလောက်ပဲ ဒါဆို အလွမ်းနောက်ခံပန်းချီကား စဆွဲဖို့ ကုန်ကြမ်းလုံလောက်သွားပြီ...။
"မင်းမှီခဲ့ငါ့ရဲ့ ဘယ်ဘက် ပုခုံးလေးကို ကိုင်ပြီး ရင်ထဲကတသက်လုံးအောင့်နေတော့မယ်"အဲလိုစာမျိုးနဲ့ လွမ်းနေတာမျိုးတော့မဟုတ်ဘူး။
အစိမ်းရောင်မျက်ခင်းလေးတွေပါမယ်။သဲတွေဝင်နေတဲ့ ဘောင်းဘီတစ်ထည်ပါတယ် ။ ဟုတ်တယ် အဲ့ဒိလောက်ပဲ။
နောက်ခံအရောင်ကို အညိုရောင်လေးသုံးထားတယ် အလွမ်းနဲ့တူတဲ့မိုးရေစက်တွေ တဖြည်းဖြည်းကြနေတယ်။
ဟုတ်တယ် ကျွန်တော့်ပန်းချီကားက အသက်ဝင်နေတယ် အတိတ်ရဲ့ ပံ့ပိုးမှုနဲ့....။
ပင်လည်ကြီးကို လွမ်းမိတယ် သဲတွေကို လက်ထဲစုပ်မိတယ် အဲတစ်ခုပဲ အာရှနဂါးကားပေါ်က ထိုင်ခုံလေး ....
ဟုတ်တယ် အဲ့ဒါလေးလဲပါသင့်တယ်...။ ဟုတ်ပြီ နောက်ပြီးတော့ မျှော်လင့်ချက်တွေအကြောင်းပါမယ်...။
ဒီလောက်ဆိုပန်းချီကားလေးကပြည့်စုံနေပြီ...။ ဒီပန်ချီကားလေးကို အခန်းထဲမှာချိတ်ထားမယ် တစ်ဦးပိုင်အနေအထားမျိုးနဲ့
နည်းနည်းလောဘကြီးလိုက်မယ် ရနေပြီပြီးပြည့်စုံသွားပြီ။
ဂစ်တာတစ်လက်ရယ် ၀ီစကီတစ်ခွက်ရယ်(Label တော့ဖြစ်ပစေပေါ့ အရောင်ကအရေးမကြီးဘူး)။ အတိတ်တွေနဲ့ လုံလောက်သွားပြီ
အလွမ်းဆိုတာမျိုးကလဲ ၀ီစကီတစ်ခွက်လိုမျိုးပဲ အ၀င်တော့ဆိုးသယောင်ရှိပေမဲ့ ခံစားတက်တဲ့လူနဲ့သာဆိုင်သည်ဟုထင်ပါတယ်။
ကျွန်တော်ကလည်း အလွမ်းတွေကို ကျွမ်းကျင်စွာပြုလုပ်တက်သူတစ်ယောက်ပဲလေ...။ တကယ်ပါ အချစ်ဆိုတဲ့အရာ၏ ပါဝင်ပစ္စည်းများထဲမှာ
အလွမ်းဆိုသည်မှာအရသာအရှိဆုံးအပိုင်းဟုထင်မိတယ်။ အတိတ်အကြောင်းတွေးရင် သွေးမတိတ်တဲ့ ဒဏ်ရာတွေဆိုလို့လဲ သိပ်မရှိပါဘူး။
အလွမ်းဆိုတဲ့ နောက်ခံပန်ချီကားလေးကိုခံစားချက်ပါပါရေးဆွဲရာမှာ နောက်ခံအဖြစ်ကူညီပေးခဲ့သော အတိတ်ကို အထူးကျေးဇူးတင်မိပါတယ်။
ဤမျှသာ ... ဆိုလိုတာက ပြီးသွားပြီလို့ဆိုလိုတာပါ ... ကျွန်တော့်အလွမ်းနောက်ခံပန်းချီကားလေးက တော့ ကျွန်တော့် ရင်ဘက်ထဲက
အခန်းလေးထဲမှာတင့်တောင်းတင့်တယ်လေး နေထိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်...။
နောက်ဆုံးမှာဝန်ခံချင်း
အထက်ပါအကြောင်းအရာတွေ အလွမ်းနောက်ခံပန်းချီကား ဟူသောဆရာမောင်လှမျိုး ၏ စာအုပ်နာမည်လေးအားသုံးစွဲလိုက်ပါသည်။
ထို့အပြင်ယခုရေးသားခဲ့သောအကြောင်းအရာများတွင်ကျွန်တော့် အက်ကွဲသံတစ်ချို့ပါဝင်ခဲ့သည်မှာလဲ အမှန်ပင်ဖြစ်ပါသည်။
သို့သော် ကာယကံရှင် အားရည်ညွှန်း၍ ရေးသားခဲ့သည်မဟုတ်ကြောင်း နားလည်စေချင်ပါတယ်။ သူမအား ယခုအချိန် အနှောင့် အရှက်ပေးလိုစိတ်
လုံးဝ(လုံးဝ) မပါရှိကြောင်းလဲ ကျွန်တော်အာမခံပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့ အရာရဲ့ပါဝင်ပစ္စည်းမှာ အလွမ်းက အရသာအရှိဆုံးပဲ ဆိုတာ
ကျွန်တော်ခံစားသိရှိပြီးသားဖြစ်ပါတယ်။
ဟုတ်ပြီ ကျွန်တော်ပြောပြမယ် ဒါပေမဲ့ကြိမ်းတော့မကြိမ်းသေဘူး
အစွဲတစ်ခုကျွတ်သွားထဲက စာမရေးဘူး ဟုတ်တယ်
ကျွန်တော်လူကောင်းမဟုတ်ဘူး . . . . . ။
အထက်ပါစာကို လွန်ခဲ့သောနှစ်အနည်းငယ် ကသာဆိုကျွန်တော် ရေးခဲ့မယ်ဆိုလျှင်
အဲဒိတုန်းက အနက်အဓိပ္ပါယ်နဲ့ အခုအနက်အဓိပ္ပါယ်နဲ့က ဘယ်လိုမှ မတူနိုင်ပါဘူး. . . ။
တစ်နေ့နေ့တစ်ချိန်ချိန်မှာဖြစ်ခဲ့ရှိခဲ့ပျက်ခဲ့ရတဲ့ အရာတွေအားလုံးနဲ့မဆိုင်ဘူး. . .
အခု ကလေထဲလွင့်နေမဲ့စာမဟုတ်ဘူး. . . .။
ံအခု လေထဲလွင့်နေမဲ့သူဟာ . . . .
အချိန်တွေကျော်ဖြတ်ခဲ့ကြပြီးရင်လဲ အချိန်တွေကပြန်ကျော်ဖြတ်ကြဦးမှာပဲ. . .
ကျွန်တော် လဲ သက္ကရာဇ် တစ်ခုမှာကျန်နေခဲ့ပြီ. . .
ဘယ်တွေရောက်သွားတာလဲ. . . ထောင့်တစ်နေရာ အတွေးကမ္ဘာမှာ
ကျင်လည်နေခဲ့ပေါ့. . .။ ရေးလိုက် ဖြတ်လိုက် နဲ့စာသားတွေ
အတွေး ဆိုတာကို လိုက်ဖမ်းဖို့ ကျွန်တော် ကြိုးစားခဲ့တာပဲ. . .
အချိန်စောသေးတယ်ဆိုလဲ စောင့်လိုက်ကြဦးစို့
ကျွန်တော်တော့ ဆက်လက်စီးဆင်းနေရဦးမှာပဲ. . . . ။
မီးမရှို့ပါနဲ့ ၊ဂူမသွင်းပါနဲ့၊ရေမမျှောပါနဲ့. . . .
သေတာတောင် တစ်ခုခုကိုမျှော်လင့်မိတာ ဆန်းလား
ဒီခန္ဒာကြီးကိုပဲ သိပ်တက်မက်ကြတာမဟုတ်လား . . . ပိုင်ဆိုင်မှုတွေ ၊ ဆုံးရှုံးမှုတွေ
အတုအယောင်စွန့်လွတ်မှုတွေ. . . .?
ဒီလိုပြောလို့ ကျွန်တော့်စိတ်ဆိုးကြမယ်နဲ့တူတယ် အဲဒါတော့ကျွန်တော်ဘာမှမတက်နိုင်ဘူး
လူနားထဲဝင်အောင် စာသားလှလှလေးတွေနဲ့ချစ်ပြတာမှမဟုတ်ပဲ. . . ။
ဖြစ်နိုင်ရင် ဘယ်တုန်းကမှ ရှိမနေချင်ခဲ့ပါဘူး ။
ရိတ်သိမ်းခွင့်မရှိခဲ့လို့ ချောင်တစ်ရာမှာငိုနေပါရော့လား . . .
ဒီမှာ ဒီမှာ ခင်ဗျားတစ်ခုခု စိုက်ခဲ့တာရော သေချာလို့လား . . . ။
တစ်နေ့နေ့ နေသာလေလာစေဖို့ စမ်းသပ် ခဲ့တယ်တဲ့. . . . .
ဖြစ်စဉ်အရဆို မနက်ဖြန်ဆိုတာ လဲစမ်းသက်မှုတစ်ခုပဲ . . .
မနေ့က လဲစမ်းသပ် ခဲ့တာပဲ. . . အခုရော. . . .စမ်းသပ်နေတာပဲလား?
အို ဘုရားသခင်ဆိုသောသူ သင်ရက်စက်ခဲ့လေသလား ?
ဒီအတိုင်းပဲအဆုံးသတ်လိုက်ရမှာနှမြောစရာကြီးပါလား. . . .
ဒီလိုနဲ့ပဲ ဆက်ခဲ့တဲ့ ဘ၀ပေါင်းလဲမနည်းဘူး. . .
ညနေခင်းတွေကို ဖြတ်ရုံဖြတ်ခွင့်ကြုံမယ်ဆိုလဲ . . .
ဒီနေ့လိုညနေခင်းလိုမျိုး နောက်တစ်ခါ မျှောင်လင့်မိမှာမဟုတ်ပါဘူး. . . ။
တစ်နေ့နေ့မှာတော့ ရှိချင်း ဖြစ်ချင်း၏ အဆုံးသတ်ကို မျှော်လင့်မိတာ
လောဘ မဖြစ်နိုင်ဘူး ဟု မျှော်လိုက်ထားပါတယ်. . . ။
ဘ၀အာမခံချက်ဆိုတာတွေကို ဖြိုချပြီး နေရာတစ်ခုမှာ လူဖြစ်ရချင်း၏တာဝန်ယူမှုများကို ထမ်းဆောင်ရင်း
တစ်နေ့နေ့ဆိုတာတွေကိုခဏမေ့ထားမိတယ်. . . . . . . . ။လူဆိုတဲ့ Comments တွေကို နားထောင်ရင်
အသက်ဆက်မဲ့မနက်ဖြန်တွေမှာ . . . ငါဖိနပ်မစီးတော့ဘူး. . . ဘ၀ဆိုတာပြသနာတော့မဟုတ်ဘူး
အိမ်မက် ကို ဆီကျန် ရေကျန် မက်ချင်သည် ။
ကျနော့် ကိုဇိကုပ်ပြီး နတ်ပြည် မပို့ကြပါနဲ့ ။ ကိုယ့်ဘာသာကို သွားမည် ။ ကျနော့်
ကို ဇိ လာကုပ်တာမျိုး ကျနော်မကြိုက်ပါ ။ မနာဘူး ဆိုရင်တောင် ယားတော့ယား
တတ်သည် ။ ထိုသို့ဖြင့် ဇတ်ကြီးက မျောသွားသည် ။ ဇတ်မျောကို လိုက်ဆယ်ရင်း
ပင်လယ်က မျောသွားသည် ။ ဘာမှမကျန်ခဲ့ ။
ညာတာပါတေး ကောင်မလေး တစ်ယောက်နှင့် ကျနော် ဝေးသွားသည် ။ ညကြီးမင်း
ကြီးမှာ သူ့ကိုသတိရ၏ ။ သူကတော့ မေ့နေပြီ ထင်ပါသည်။
"ဌာနေဌာန ကောသလဥာဏ်" ဆိုတာကို ကျနော်မသိပါ ။ သိလိုသူများ ဆရာလှသမိန် ၏
"ကြွယ်ဝခမ်းနား မြန်မာစကား" စာမျက်နှာ (၇၂) ကိုရှုပါ ။ ရွှံပေါ်ရှဥ့်ပြေး သော်လည်း ရှဥ့်မွှေး
ရွှံမလူးပါ ။ တိုတဲ့ လျှော်က တို၍ ရှည်တဲ့ လျှော်က ရှည်ပါဦးမည် ။ ဘာကိုပဲလုပ်လုပ်
ဌာန်ကရိုဏ်း ကျဖို့လိုပါသည် ။ ဘာမှ မလုပ်ဘဲ နှင့်လည်း ဌာန်ကရိုဏ်း ကျဖို့ လိုပါသည်။
တကူတက တူးဖော်သောက်ရတာ ၀ိုင်တစ်ခွက် ဖြစ်၏ ။ ခွက်နဲနဲ ပဲ့နေသည် ။ ဗိုက်ထဲသို့ တဟီးဟီး
တဟားဟား ၀င်သွားသည် ။ နံနက်ခင်း ကိုမတွေ့ရ ။ တပေါ့တပါး သွားသည်ဟု သိရသည် ။ ဧည့်ခံ
ပွဲကလည်း တဗျစ်ဗျစ် တောက်တောက် နှင့် ဆူညံနေသည် ။ မီးရှူးပွင့်တွေ တအုံနွေးနွေး တောက်ပနေ၏ ။
ဘယ်သူ့ကိုမှ တီတီတာတာ မပြောခဲ့ပါ ။ အိမ်ကို တလိမ့်ခေါက်ခွေး ပြန်လာခဲ့၏ ။
အနုပညာက ထိုင်ကားယား ထကားရား ဖြစ်နေသည်။
သူ့အပေါ် တတ်စီးမည့် သူများကို လိုလားပုံ မပေါ် ။ ရထားက ဒရောသောပါး ထွက်၏ ။
လူတစ်ယောက်က ရွှေမန်းမြို့မှ မမကေသီကို သတိရနေသည် ။ ဒယီးဒယိုင်ဖြင့်
တူးတူး ဟုအော်၏ ။
အနုပညာသည် ကျနော့် ဓါးမဦးချမြေ ဖြစ်၏ ။ ဆက်လက် ထွန်ယက် ရဦးမည် ။ တစ်ချို့က ကျနော့်ကို ဓမ္မန္တ္တရာယ် ဟု မြင်ကြသည် ။
ဓမ္မ္မာသောက အင်းဝရာဇာ အဖြစ် အလွန် ချစ်ကြ၏ ။ ကိစ္စမရှိပါ ။
ဓါတ်ကြီး လေးပါး ညှိဆေး ဆိုသည်မှာ ကျနော့် ကြီးဒေါ် ဖော်ရောင်း နေသော ဆေးဖြစ်ပါသည်။
သူခိုးကို ဓါးရိုး မကမ်းပါနှင့် ။ ကုန်ကုန် ပြောရလျှင် ဘယ်သူ့ကိုမှ ဓါးရိုးမကမ်း ပါနှင့် ။
မှုန်ပြာရီ ခေတ်ကြီးအတွင်း မှာ သဘာဝတရားက ကျွန်တော့်ကို ပါးသိုင်းကြိုး တပ်၏ ။
နဖူးရေ ဒူးရေ မကောင်းလှသော ညနေခင်းကြီး ဆီ သွားမည်။
ကျွန်တော့်မှာ ပဝေသဏီ ဆန်သော ပါးစပ်ပုပ်ကြီး ရှိပါသည်။ ပိုးစိုးပက်စက်တေ-့  မပြောတတ်ပါ။
သို့သော် ပုဆိုးတန်းတင် ပြောတတ်ပါသည် ။ အဆင်မပြေလှချေ ။
လူဖြစ်လူတာ ကိုက ဗရုပ်သုတ်ခနဲ့ပါ ။ ဗရွတ်ရွှတ်တ ဆီတွေ ဆမ်းထားတဲ့ ထမင်းကို ဆုတ်လိုက် ဆန်းလိုက်ဖြစ်
်နေတဲ့ ဗလောင်းဗလဲ လမင်းဆီက တောင်းစားပြီး ကြီးပြင်းခဲ့ရတာပ- ။ နောက်ဆုံးကျတော့ ..... ဗလာ။
မေမေရေ .... ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။ မိုးတွေက မှိုချိုး မျှစ်ချိုး ရွာပြီ ။
ယထာဘူတ မကျပါဘူး။ ဒါပေမယ့် စိတ်နာတယ်။ ဓာတ်ကြီးလေးပါး ခမျာမှာလည်း မကြာခဏ
ယောက်ယက် ခတ်ရတယ် ။ ယုံချင်မှ ယုံပါ ။ ယုံတမ်းစကား လို့ သဘောထားပါ ။ ကိုယ့်စိတ်ဆီ ကိုယ် သွားနိုင်ဖို့ အတွက်
ကျွန်တော့်ကို နည်းနည်းတော့ ဘုရားထိုင်၊ ထိုင်ခွင့် ပြုကြပါ ။
ကိုယ့်ကိုယ်ကို ရေလာမြောင်းပေး လုပ်နေရတာ .... ကြာပြီ ။ လျှမ်းလျှမ်းတောက- တယ်လို့ ဘယ်သူက ပြောသလဲ ။ အမှန်တော့ လူခြေတိတ် လွန်းတဲ့သူဆိုတာ သေချာပါတယ် ။
ဟတ်တက်ကွဲခွင့် ပြုပါ ။ 'အက်' နေရတာကို စိတ်ညစ်လွန်းလို့ ။ ဟက်တက်သာ ကွဲခွင့် ပြုကြပါ ။ ဘယ်လိုအခြေအနေ မှာမှ ဟောင်ဖွာဟောင်ဖွာ မလုပ်ခဲ့ပါဘူး ။ ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ပါဘူး ။ ဈေးသည် အေးကြွယ်နဲ့ သီချင်းအတူတူ ဆိုဖူးရုံလောက်ပါ ။ ဟိုတုန်းက ဟုန်းဟုန်းတောက် ချင်ခဲ့သမျှ ၊ ခုတော့လည်း ငြိမ်းချမ်းသင်ြး- ချင်ပြီ။
အထွေအထူးတော့ ပြောစရာ မရှိပါ။ အစကတည်းက 'အ' နေသော ဝတ္ထုပါ။ အခု ပြီးသွားပါပြီ။ အင်္ဂလိပ်လို (End) ဟုပြောလျှင်
ရနိုင်ပါသည်။ သို့သော် ကျီးကန်း ခလုတ်တိုက်သံ နှင့် တူနေ၍ မပြောတော့ပါ။ ဘာပဲပြောပြော ဝတ္ထုက ပြီးသွားပါပြီ။ ဝတ္ထုနှင့်အတူ အရာအားလုံးကိုလည်- ပြီးလိုက် စေချင်ပြီ ။ ဖတ်သူကိုရော ၊ မဖတ်သူကိုရော အထူးကျေးဇူး တင်ပါသည် ။ ။
(တာယာမင်းဝေ)



