အများအတွက်တော့ ပုံမှန်ညိုအုပ်အုပ်ညနေခင်းပါပဲ။ ဂဏန်းသုံးလုံးမပြည့်တဲ့ လူဦးရေရဲ့ အသက်ရှူသံတွေမှာ ကျွန်တော် ရောနှောသွားခဲ့တယ်။ ပလက်ဖောင်းပေါ်က ကားမရပ်ရလို့ အဓိပ္ပာယ်ရတဲ့ အဖြူတကွက် အနီတကွက် ဆေးရောင် တွေကိုတောင် ရောထွေးစေလောက်တဲ့အမြန်နှုန်းကို သတိထားမယ်။ နောက် ဘေးပြတင်းပေါက်က မိုးရေစက်တွေက ပြောပြနေတဲ့ ဇူလိုင်လဆိုတဲ့ အချက်ကို ကျွန်တော်သတိထားမိသွားတယ်။ တဖက်မှာဘာတွေရှိမလဲဆိုတာနဲ့ မရေရာမှုတွေနဲ့ ပုံလောင်းတဲ့အထိ ပုံခဲ့မိတယ်။ ယုံကြည်ထားချက်တွေဟာ လက်တွေ့မှာဘာမှမရေရာဘူးဆိုတဲ့ ဆင်ခြင်တုံတရားကြီးနဲ့ ကျွန်တော် မယိမ်းယိုင်းသွားအောင် အားတင်းနေရတယ်။ နောက်ပြီး ကြာရင်ဝေးသွားလိမ့်မယ်ဆိုတဲ့ သိနားလည်မှု။ ဒါဟာ တကယ့်ဝမ်းနည်းစရာဖြစ်ရပ်ပဲ။ တစ်ရာမကရှိတဲ့မိုင်တိုင်တွေကို အားတင်းပြီး ခြေထောက်ဆန့်ခဲ့တဲ့ညနေခင်းတစ်ခုမှာပေါ့။
ဘယ်သူ့အတွက်မဟုတ်ဘဲ မှောင်လာတဲ့ညနေခင်းက ကျွန်တော့် အတိတ်တွေကို တူးဖော်စေချင်နေတဲ့ မျက်နှာပေးမျိုးနဲ့ နှုတ်ဆက်တယ်။ နောက်တော့ ကားအရှေ့ကဖွင့်လိုက်တဲ့ သာမန်မြန်မာဇာတ်ကားတစ်ခုနဲ့အတူ လူတစ်ချို့ရဲ့ အပန်းဖြေမှုတွေ လွင့်ပျံ့နေခဲ့တဲ့ညနေဟာ အခုတော့လဲ တိတ်ဆိတ်မှုတွေနဲ့ လှလှပပလေးမှောင် သွားခဲ့တယ်။ အင်းယားကန်ဘောင်၊ ၁၉လမ်း၊ ဖုန်တွေထနေတဲ့ တက္ကသိုလ်ကျောင်း၊ နီကြောင်ကြောင် ရွှေအိုရောင် အရည်လှလှလေးတွေ၊ အဆုပ်ထဲစွဲနေစေပြီး ပြာအဖြစ်ထွက်ခွာသွားခဲ့တဲ့ နိုကိုဒင်းအတိုင်လေးတွေ၊ သွားတက် လေးတွေနဲ့ နာမည်သုံးလုံးပိုင်ရှင် လေးငါးယောက်ရဲ့ရာဇဝင် အစအစရှိတဲ့ အတိတ်တွေက အစီအစဉ်မကျ ထွက်ပေါ်လာပါတော့တယ်။ အတိတ်ဆိုတာ မကြာမကြာထုတ်ကြည့် ဖြစ်တဲ့ ဦးနှောက်ထဲက အယ်လ်ဘမ်တစ်အုပ်ပါပဲ။ ပြီးတော့ လက်ရှိအခြေအနေကနေ ကျွန်တော်ခဏလန့်နိုးသွားတယ်။
လင်ကွန်းကလမ်းလျှောက်နှေးတယ် (တဲ့)။ ဒါပေမဲ့ သူက တည့်တည့်ပဲလျှောက်တယ်(တဲ့)။ ဘယ်လိုတည့်တည့် လျှောက်လျှောက်ပါ၊ တကယ်တော့ ဘယ်အရာမှမဖြောင့်ခဲ့ပါဘူး။ ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ အကျတွေအတက်တွေ၊ အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး မြင်နိုင်တဲ့အကွာအဝေးတွေ မမြင်နိုင်တဲ့အကွာအဝေးတွေ၊ မမြင်နိုင်တဲ့ နီးကပ်မှုတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလင်းအမှောင်တွေနဲ့ ကိုယ့်အခန်းကိုယ် စီရင်ခဲ့ကြရတာပဲ။ ခပ်လင်းလင်း ဖြစ်အောင်တော့ ကြိုးစားကြည့်ကြတာပေါ့…။
မှတ်ဉာဏ်တွေရယ် မြူခိုးတွေနဲ့ ဝေဝါးနေတဲ့အနာဂါတ်ရယ် ကနေ ခပ်မှောင်မှောင် လမ်းကြောထဲကို မကြာခဏ ထကြည့်မိတယ်။ မရေရာမှုတွေ၊ မလုံခြုံမှုတွေရယ်ကြား ကြိုးစားအားတင်းရင်း နေရတယ်။ နောက်ပြီး အစိမ်းရောင် ခပ်ပုတ်ပုတ်တွေကို ကျွန်တော် ကြောက်လန့်နေမိတယ်။ ရင်ခုန်မှုနဲ့အတူ အလင်းရောင်တစ်ခုကို ကျွန်တော် ယုံကြည်ပစ်လိုက်တယ်။ မနက်ဖြန်မှာ ကျွန်တော့်အနာဂါတ်ကို ထွန်းညှိဖို့အတွက်ပေါ့..။ တိမ်တိုက်တစ်ခုအတွက် ဆို့ဆို့နင့်နင့်ရွာချမိတော့မယ့် အခြေအနေမျိုးနဲ့ပေါ့။
ဖြေးဖြေးနှေးနှေးနဲ့ ဦးတည်ရာတစ်ခုခုကို လျှောက်ခဲ့မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့ ယုံကြည်ချက်ကို အင်အားဖြည့်ပေးနေမိတယ်။ အစီစဉ်တကျ ကြည့်ကောင်းအောင်ဖြစ်ပျက်နေတဲ့ ရုပ်ရှင်တကားမဟုတ်ခဲ့မှန်းလည်း ကျွန်တော်သိတယ်။ ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို ဆင်ခြင်တုံတရားကျော်လွန်ပြီး ကျွန်တော် မျှော်လင့်ခဲ့တာ။
အခုမြင်နေရတဲ့ တောင်တန်းတွေက မနက်ကြရင် စိမ်းနေမလားသိချင်နေမိတယ်။ အရင်ကလိုပဲ မြေပုံကားချပ်လို မဟုတ်တဲ့ တကယ့်လက်တွေ့ လမ်းမထက်မှာ ဘဝအကြောင်းတစ်ပိုင်းတစ ညည်းဆိုကာ ယုံကြည်မှုတွေ လွယ်ပြီး အနာဂါတ်တစ်ခုကို ကျွန်တော် ဦးတည်လျှောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ဇူလိုင်လ မိုးရေစက်တွေထဲမှာပေါ့။
အောင်မြင့်မြတ်
June 5’s 2:45AM
[Theme လရောင်လမ်း: ဇွန်လ၏မိုးရေစက်များကြား လမ်းလျှောက်ထွက်ခြင်း(ကိုတေဇာ)]
[Special thanks to Ko Tazar for editing the essays]
0 Comments:
Post a Comment