ပျော်ရွှင်မှုဆိုတာကတော့ အားလုံး အတူတူလိုပဲ၊                                            ဒါပေမဲ့နာကျင်မှုတစ်ခုစီမှာ သီးခြားဝိသေဿ      ရှိတယ်။  _ လီယိုတော်စတွိုင်း

တစ်ခုခုဆုံးရှုံးသွားသလိုပါ
ပုံပြင်လေးမဆုံးခင် အိပ်ပျော်သွားတဲ့သူမနှဖူးလေးနမ်းရင်း
နွေးထွေးစွာအိပ်စက်နေတဲ့ သူမအတွက် လက်ခံပေးလိုက်မှု
နာကျင်နေတယ် တစ်ခုခု ဘယ်တော့မှ ပြန်မရနိုင်တော့သလို
ငြီးငွေ့မှုတစ်ခုကို အိပ်ပျော်စေဖို့ ပြန်လည်အသုံးချသွားစေလိုက်သလို
သိနားလည်မှုတစ်ခုနဲ့ မီးပိတ်ထွက်ခဲ့ယုံပဲလေ။

ကျွန်တော်ရှိမနေခဲ့တော့ဘူး၊ သူမအခန်းလေးထဲက သူမဘေးမှာ
ပုံပြင်လေးလဲရှိမနေတော့ဘူး၊ သူမရဲ့မှတ်ဥာဏ်ထဲမှာ ရော
ဘယ်နေရာမှာမှရှိမနေတော့တာ
မနက်မိုးလင်းရင်တစ်ကူးတစ်က ပြန်လည်မတူးဖော်တဲ့တော့မဲ့
ဒါဟာ ငြီးငွေ့မှုတစ်ခုပဲ
သူမပျော်ပါစေ။ သူမပျော်ပါစေ။ သူမပျော်ပါစေ။
ကျွန်တော့်အတွက် သန်းခေါင်ထက်နက်တဲ့ညတွေ။
သူမပျော်ပါစေ။

မပြည့်စုံခဲ့ကြပါဘူး၊ ပုံပြင်ရော၊ သူမရော ကျွန်တော်ရော၊
တစ်ခုခုကိုဖော်ထုတ်ခဲ့ဖို့ မပြည့်စုံခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့
အခုတော့ အခန်းလေးထဲမှာနွေးနွေးထွေးထွေးအိပ်စက်နေတဲ့
သူမအကြောင်းစဉ်းစားရင်း . . .
သူမ ရှိနေတဲ့ကမ္ဘာကို အလိုမတူပဲကြောခိုင်းခဲ့တဲ့ ညနက်နက်ထဲ။

အောင်မြင့်မြတ်

သူမက ကလေးခပ်ဆန်ဆန်ရယ်ပါ၊ ကျွန်တော်နဲ့စသိတုန်းက ကျွန်တော့်ကို အကြောင်းပြချက် တစ်စုံတရာမပေးပဲ ကြည့်မရကြောင်းကိုကျွန်တော်ပြန် သိစေလောက် အောင်ကြည့်မရတဲ့လူ။ အဲ့ဒိတုန်းက သူမရဲ့မှာ ချစ်သူရှိသေးတယ်၊ သူ့ကိုသီးသီးသန့်သန့် မဟုတ်တောင် သတိထားမိစေလောက်တာက သူ့အသံဆိုပါတော့။ ချစ်ဖို့ကောင်းတယ် ဆိုတာထက် သေးငယ်မှုတစ်ခုကိုဖော်ပြတယ် တပြိုင်နက်ထဲ အဲ့ဒိသေးငယ်မှုက တစ်ကမ္ဘာလုံး သိမ်းနိုင်တဲ့အင်အားလေးတွေပါနေတယ်။ ကျွန်တော် ရာဇဝင်ထဲက မိန်းမကြောင့်ဖြစ်တဲ့ စစ်ပွဲတွေကို နားလည်စပြုလာတာ သူ့ကြောင့်လို့ပြောရင်ပိုမှန်မလားပဲ
မြင်းစီသူရဲကောင်းတွေအကြောင်း၊ဂျူးလိယက်ဆီဇာအကြောင်း နောက်ပီး ဆူးပါတဲ့ နှင်းဆီပန်းတွေအကြောင်းပေါ့။


ကျွန်တော်မှတ်မိနေသေးတဲ့နှစ်အတော်ကြာ ညနေတစ်ရက်က အမေက နှင်းဆီပန်းတွေဘေးက အဆူးတွေ ဓါးပါးလေးနဲ့ရှင်း ထုတ်နေခဲ့တယ်အမေ့ကို မေးမိတာက ဘာလို့နှင်းဆီပန်းကို ဓါးနဲ့ခြစ်နေတာလဲ သူတို့နာမှာပေါ့လို့ပြောတော့အမေက ပန်းတွေမှာခံစားချက်မရှိဘူး လို့ပြန်ဖြေခဲ့တယ်၊ ကျွန်တော်က စောဒကတက်ပြီး ဒါပေမဲ့သူ့ဟာနဂိုရှိတဲ့ဟာတွေ ဖျက်စီးပြစ်ပီး ပိုင်ဆိုင်ဖြစ်ရတာမျိုးထပ် သူ့ဆူးတွေကို လက်ထဲတင်းတင်းဆုပ်ကိုင်ပီး ပိုင်ဆိုင်ပြစ်လိုက်တာမျိုးက ပိုသတ္တိရှိတဲ့ ကိစ္စဖြစ်မလားပဲဆိုတော့ အမေက ရုပ်ရှင်သိပ်မကြည့်နဲ့လိုပြောပြီးထွက်သွားတယ်။


ရန်ကုန်မြို့ရဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုအပေါ်ဆုံးထပ်ကနေလမ်းမတွေလှမ်းကြည့် ရင်းသူ့ကိုမေးမိတယ်၊ သူ့ချစ်သူနဲ့ဘယ်လိုပျက်သွားတာလဲဆိုတော့သူမက ဒီလိုပါပဲ ဆိုတာကလွဲလို့ အကြောင်းပြချက်တစ်စုံတစ်ခုမပေးသွားခဲ့ဘူး။ကျွန်တော်ဆင်ခြင်တုံတရား နဲ့အတူ နှင်းဆီပန်းခင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နောက်ပြီး အဲ့ဒိကမ္ဘာကိုသိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့အဏာရှိ သေးကွေးမှုလေးနဲ့အတူတူ ကျွန်တော့်စီကလှည့်ထွက်သွားတယ်။အဲ့ဒိနေ့က ကားပေါ်က ဖွင့်ထားတဲ့ ပျောက်ဆုံးသွားတဲ့ မနက်ခင်းဆိုတဲ့ သီချင်းကို လှမ်းပြီးMute ခလုပ်ကို နှိပ်မိသွားတယ်။
မနက်ခင်းတွေပြန်တွေ့ပြီဆိုတဲ့အပြုံးမျိုးနဲ့ပေါ့။ ဒါဟာ ဆစ္စဖှက် ရဲ့ နောက်ဆုံးကျောက်တုံး လို့မျှော်လင့်မိတဲ့အပြုံးမျိုးဆိုတာနောက်မှသိလိုက်ရတယ်။


ကျောက်တုံးတစ်တုံးကို တောင်ရဲ့ထိပ်ဖျားကိုမနားမနေတွန်းတင်နေဖို့ နတ်ဘုရားတွေက ဆစ္စဖှက်ကို အမိန့်ပေးလိုက်တယ်၊ တောင်ထိပ်ကိုရောက်မဲ့အချိန်မှာကျောက်တုံးဟာ ကိုယ်ပိုင်အလေးချိန်နဲ့ တောင်အောက်ကိုပြန်ကျသွားမယ်။ နတ်ဘုရားတွေက ထင်ခဲ့ပုံပါပဲအရာရာ အချည်းနှီးဖြစ်ပြီး မျှော်လင့်ချက်တွေ တစ်စစီသေဆုံးသွားတာမျိုး ဒီထက် ဆိုးရွားတဲ့ကြောက်မက်စရာ အပြစ်ဒဏ်မျိုး မရှိတော့ဘူးဆိုပြီးတော့ပေါ့။ [*]
ဆစ္စဖှက် အကြောင်းဖတ်မိတော့အချစ်ဆိုတဲ့အရာနဲ့ အတော်တူတယ်ဆိုပီးစဉ်းစားမိ သေးတယ် နောက်တော့ဒီလိုလဲမဟုတ်ပြန်ဘူး၊ဒါက တစ်ဦးတစ်ယောက် ပိုင်အပြစ်ဖြစ်ခဲ့တဲ့ အတွက် ကိုယ့်ဟာကိုပဲ ဆစ္စဖှက်သေသွားပီးလို့ဝင်စားသလိုလို၊ငရဲပြည်ကနေပဲ ခဏ တစ်ဘဝလောက်တာဝန်နဲ့ခွင့်ရသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်တော့အချစ်ဟာ ဆစ္စဖှက်ရဲ့ဘဝလိုပါပဲ။


ဒီလိုနဲ့ January နှောင်းပိုင်းမှာကျွန်တော်နဲ့ အဲ့ဒိနှင်းဆီခင်းလေး ချစ်သူတွေဖြစ်သွားကြတယ်။ သူက စာသင်တဲ့ကျွန်တော့်ကိုဆရာ အကိုလို့ခေါ်ပြီး သူ့ကို ကျွန်တော်က နာမည်အနောက်မှာ သေးငယ်မှုတစ်ခုထည့်ပြီးခေါ်ဖြစ်တယ်၊တစ်ခါတစ်လေလဲ မိန်းမလေး လို့နောက်ပီးခေါ်တက်တယ်။ သူပြောတဲ့ကိုက်ပြစ်မှာ နော်ဆိုတဲ့စကားက Disney Land က ဇာတ်ကောင်တွေထပ် မှော်ဆန်ဆန်ပြောနိုင်တယ်။
အဲ့ဒိကိုက်ပြစ်မှာနော်ဆိုတာကြီးကfairy tale ကြီးတစ်ခုထပ် ပိုပီး စိတ်ကူးယဉ်ဆန်တယ်။
February ရဲ့ Valentine day မှာတော့ ဆူးရှိတဲ့နှင်းဆီခင်းလေးတစ်ခုဆိုတာသူမ ကိုယ်တိုင် မေ့လျှော့ကိုင်တွယ်မိတဲ့ ကျွန်တော့်ကို လက်ကသွေးစက်အချို့နဲ့အတူသတိပေးသွားတယ်။


ဖုန်းတွေဆက်တယ်၊ နောက်ပြီးနှင်းဆီခင်းလေးကလဲခံစားချက်ရှိကြောင်းပြောတယ်၊ အမေ့ ကိုတောင်ပြောမိသေးတယ် အမေမှားတယ်လို့ ပန်းတွေမှာခံစားချက်ရှိကြတယ်လို့။ အဲ့ဒိခံစားချက်ရှိနေတဲ့နှင်းဆီဆူးတွေကို ကျွန်တော်အားတင်းပီးဆုပ်ကိုင်လိုက်မိတယ်၊စက္ကန့်နဲ့အမျှ သွေးတွေဆုံးရှုံးနေရတယ်ဆိုတဲ့အခါ အားအင်တွေနည်းလာတယ် နှင်းဆီခင်းလေးကိုအားတင်ဆုပ်ကိုင်ဖို့၊ နောက်ပြီး ကျွန်တော်လက်တွေကို ကိုယ်တိုင်မခံစားနိုင်တဲ့အချိန်ကားပေါ်မှာ သီချင်းလေးတစ်ပုဒ်ပွင့်လာတယ်၊ “မျှော်လင့်ခြင်းနဲ့ ဖမ်းဆုတ်ထားတဲ့ လက်တွေအားမဲ့သွားပီကွယ် “ အဲ့ဒိစာသား အရောက်မှာ အရာရာအရှုံးပေးလိုက်မိတယ်။ ဟုတ်တယ်လေ တကယ်ကိုပဲကျွန်တော် အားမဲ့သွားပီ။ နောက်ပြီး သူမကို တန်ဖိုးအတိုင်းပြန်ထားလိုက်ဖြစ်တယ် နောက်လူတစ်ယောက်ဆုပ်ကိုင်နေပြီဆိုတဲ့အခါ ကျွန်တော့်လို နောက်ဆုံးတစ်ယောက်နဲ့ ဘယ်လိုဖြစ်လဲမေးရင်တော့သူမ ဒီလိုပါပဲလို့ ဖြေဦးမယ်လို့ထင်ပါတယ်။


အပြန်လမ်းမှာ ကားပေါ်မှာ ပျောက်ဆုံးသွားတဲ့မနက်ခင်းသီချင်းက ထပ်ပွင့်လာတယ်။ အသံနည်းနည်းထပ်ချဲ့ပြီး၊ အရှိန်ခပ်ပြင်းပြင်းမောင်းထွက်သွားတာကိုမြေအောက်ကမ္ဘာက ဆစ္စဖှက်တစ်ယောက်တော့ နှင်းဆီပန်းတွေကိုင်ပီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေမလားပဲ။


အောင်မြင့်မြတ် (အိပ်မက်ထဲကမြို့တော်)

မပြီးသေးတဲ့ အတိတ်တွေရှိသေးတာကို
သူမ သေသေခြာခြာမှတ်မိနေမှာပါ
တစ်ခုခုဆိုတာထက်
ဖွင့်ထုတ်စရာတစ်ခုအဖြစ်ထွက်လာခဲ့တယ်
ငါ့ကိုငါ စုတ်ဖြဲနေရခြင်းမှ
အမြန်ဆုံးလွတ်မြောက်ရပါစေ။

"မိုးရေစက်တွေ"


ကျွန်တော်က ပတ်ဝန်းကျင်နဲ့
အတူတူ
အရောင်ပြောင်းပြီး စီးဝင်မယ် အငွေ့ပြန်မယ်
နောက်ပြီးရွာချဖို့ကျေကွဲမယ်ပေါ့။

သူမအတွက်တော့ ဗွက်ထခြင်းနဲ့ ထီးပြောက်ခြင်းတွေရဲ့
တရားခံဖြစ်ခဲ့တယ်

"ကံတစ်ပါးကို ကျူးလွန်နေတဲ့ Conversation တွေ"


ဟဲ့
အဆင်ပြေလား
 
ဒီလိုပဲဗျ

Happy birthday !!

thz

(:

______ is offline. You can still send this person messages and they will receive them the next time they are online.

+++++++++++++++++++++++++++++++++++++++++++


‘ဘုရားပေးတဲ့ ခေတ်’


ဘုရားက (အဲ့ဒီ ခေတ်ကို)
ကျွန်တော် ဆိုးသွမ်းမိုက်မဲတုန်းက ပေးပြီး
ကျွန်တော် လိမ်မာတော့ မပေးတော့ဘူး ၊၊ ၊၊
(( အကောင်းမြင်ချက် ၊၊ ၊၊ ဘုရားက
ကျွန်တော့်ကို
ပူ လောင် စေ ချင် ပုံ မရဘူး ၊၊ ၊၊ )) - ဇာတိ(အန္တိမ)

ကျွန်တော်ကိုယ်တိုင် လောင်ကျွမ်းသွားခဲ့တယ် ။

"မအောင်မြင်တဲ့အလွမ်းတွေအကြောင်း"


အခုအခါ
သွေးအေးသတ္တဝါတစ်ကောင်အဖြစ် ပင်လယ်ထဲနစ်မြုတ်မယ်
တစ်ခါက
သူမထံ နစ်မြုတ်ဖူးတဲ့ပင်လယ်။

"ကော်ဖီဆိုင်"


အဲ့ဒိတုန်းက သူမ အနာဂါတ်ဆိုတာကို
ကျွန်တော်နာမည်တပ်ရေးတော့
ကျွန်တော်ကြိုက်တဲ့ Mocha တွေ
ကြေကြေကွဲကွဲနဲ့ ပိုခါးသွားတယ်။

"ဒုက္ခနဲ့တည့်တည့်က နတ်သား"


နောက်တစ်ခါပြန်စလဲ ကြေကွဲနေရမဲ့ အနာဂါတ်တွေနဲ့အတူ
အကြိမ်ကြိမ်သေလိုက်ခြင်ပါသေးရဲ့။
K ဇော် တိမ်တွေက လှသလောက် နာကြင်ရပါတယ်။
သူမကတော နာကြည်းနေမယ်ထင်ပါတယ်။

"ပုံပြင်"


သူမမှီခဲ့ဘူးတဲ့ ဝဲဘက်ရင်အုံကိုစမ်းမိတိုင်း
ပုံပြင်ထဲက ဒဿဂီရိကို အားကျမိတယ်။
((မှတ်ချက် - ကျွန်တော်က သူရဲဘောကြောင်သူ တစ်ယောက်မျှသာ))
-----

မိုးစက်တွေနဲ့ အေးစိမ့်စိမ့်ညနေခင်းတွေမှာ ကျွန်တော် သတိရမိတယ်
delusion လို့ ပြောတဲ့ သူငယ်ခြင်းတစ်ယောက်ကို
အတိတ်ဆိုတာတစ်နေရာမှာ သေသေခြာခြာရှိတယ်လို့ငြင်းဖို့
အင်အားမရှိခဲ့ဘူး။ ဒီကဗျာကို ဖြစ်နိုင်ရင်
ရည်းစားနဲ့ပျက်တိုင်း ထီးပြောက်တက်တဲ့
ကောင်မလေးမသိစေခြင်ဘူး။
ခံစားမှုအားလုံးပြီးဆုံးသွားတဲ့အခါ
အဲ့ဒိသေဆုံးသွားတဲ့ အနာဂါတ်ဟာတစ်နေရာမှာ ဘယ်နေရာမှာမှ
ရှိမနေတော့ပါပဲ။
အလွမ်းဆိုတာ တွေကို လက်ခံပြီးတဲ့အခါ အချစ်ဟာပြည့်စုံသွားတယ်
အနာဂါတ်တွေ ကြေမွနေခြင်းမှ လွတ်ကင်းရပါလို၏ ။

ဒီကမ္ဘာမြေကို အနောက်သို့လှည့်ခိုင်းပြီး
အရာရာအားလုံးပဲ အစကပြန်စရရင်
အရင်လိုမျှော်လင့်ချက်နဲ့
ရှင်သန်အောင်မွေးလိုက်ခြင် _ဘယ်တော့မှမမေ့ဘူး(မောင်သစ်မင်း)
တိမ်တွေလိုပါပဲ
ဘဝက အဆင်ပြေသလိုရွေ့လျားနေပါ
ဒါဟာ ၁၆ရက်နေ့ပါ ၊
၁၅ ရက်နေ့ကို သံယောဇဉ်မပျက်သေးတဲ့
မျက်လုံးမျိုးတွေနဲ့ ကျွန်တော် ၁၆ရက်ရဲ့ နေထွက်တာကို ထိုင်ကြည့်နေမိတယ်
ည၁၂နာရီမှာ ပြကဒိန်တွေပြောင်းသွားပေမဲ့ နေမထွက်မခြင်း
ဒီနေ့ကုန်သွားတာကိုလက်မခံနိုင်တဲ့ မျက်နှာပေးမျိုးနဲ့ အားလုံးလက်လျှော့လိုက်ရတယ်ပေါ့။
ကျွန်တော် မိုးတွေရွာတဲ့ အခါတိုင်း အားလုံးကိုအစက ပြန်စရတာပါပဲ ။
တိမ်တွေရယ် စွန်လေးရယ် အတိတ်တွေရယ် ပြန်စလို့မရတဲ့ အနာဂါတ်တွေရယ်
ဘဝကချိုပါတယ်။ ဒီမြို့မှာ ကျွန်တော့်သွေးစက်တွေရှိခဲ့တယ် ၊ မျက်ရည်စက်တွေရှိခဲ့တယ် ၊
ဒဏ်ရာတွေရှိခဲ့တယ် ကျွန်တော်ဒီမြို့(သူ)ကို(လည်း)ချစ်ခဲ့တယ် ။
အချစ်ဆိုတာ ဖုံးကွယ်ထားနိုင်တဲ့အခါ အနုပညာဆန်မယ်လို့
ရူးနှမ်းနှမ်းတွေးခဲ့တာ တကယ်တော့ ရမ္မက် ၈အောင်စ လောက်ပါတဲ့
မာယာတွေနဲ့ ဖုံးနေတာကို သူတို့အဖွဲ့အစည်း အဘိဓါန်မှာ အချစ်လို့ခေါ်တာတဲ့။
ကျွန်တော် တိမ်တွေကို ငေးနေလိုက်တယ် နေကို မျက်နှာမူဖို့ ပြင်ဆင်နေတဲ့
လူ့အဖွဲ့အစည်းကို အော်ရယ်ပြစ်လိုက်ခြင်တာပါပဲ ၊ ဇာတ်သိမ်းတွေက မသိတာလဲမဟုတ်ဘူး။
အရာရာကို အစကပြန်စရမှာကြီးပါပဲ ၊
ဝမ်းနည်းပြစ်လိုက်ရအောင်လို့ ပက်လက်လန်နေတဲ့ အရက်ပုလင်းလေးက မေးငေါ့နေတယ်၊
မကြေကွဲတော့ပါဘူးကွဲ့ ဘဝက အရည်ထူသွားပါပီ။
၄၂၀ တွေဖောင်းပွနေတဲ့ မြို့ကြီးမှာ စေတနာအမှားတွေက
ခွင့်လွှတ်စရာမကောင်းဘူးကွဲ့၊ ရှင်းပြဖို့မလိုဘူးဆိုတဲ့ အခါ အကြောင်းပြချက်မတောင်းပါနဲ့ကွယ်
ငါနှုတ်ဆက်ခဲ့ပါတယ် မြို့လေးရယ် ။
ငါသွားရတော့မယ်။

မိုးစက်လေးတွေမှာ ရည်ရွယ်ချက်ရှိတယ်လို့
ကျွန်တော်ယုံကြည်နေတုန်းပဲ။
အဲ့ဒိခံစားမှုတွေက
ဘာသာစကားတွေကြား ယဉ်ကျေးမှုဆိုတာတွေနဲ့
ကွာဝေးခဲ့ရတဲ့ အကွာအဝေးတွေ
တံပိုးမှုတ်သံတွေနဲ့အတူ ပျော်ကျသွားတဲ့မာနတွေ
ဘဝဆိုတာ ဆွဲဖွင့်ပြီးသား ကိုကာကိုလာဘူးလိုပဲ
တစ်ဖောက်ဖောက် မည်သံတိုးတိုးလေးတွေနဲ့ပဲ
မူလကအရသာတွေပျက်စီးသွားတာ။

ကျွန်တော့်စီမှာ ကျွန်တော်မနိုင်တဲ့ ဝိဉာဉ်တစ်ခုရှိတယ်
အဲ့ဒိဝိဉာဉ်ကို နားလည်ဖို့ခက်နေချိန်မှာပဲ
အတိတ်တွေဟာ တစ်နေရာမှာ ရှိနေသေးတယ်လို့
ခံစားနေရတယ်။ ကျွန်တော်ဟာမနက်ဖြန်ဆို
လွမ်းနေရမဲ့လူတစ်ယောက်ဆိုတာ
အိပ်ပျော်မသွားခင်အချိန်တိုင်းသိခဲ့တယ်။
နောက်တော့လဲ အမှားတွေနဲ့
အဆင်ပြေသလိုသာယာလိုက်တာပါပဲ။
မောင်သိန်းဇော်ရဲ့ ရှုမျှော်ခင်း[*]ထဲက တိမ်တွေကလည်း
အတော်လှသကိုး၊တရားနဲ့တောင် မဖြေနိုင်ခဲ့ဘူး။
အမှားဆိုတာတွေကလဲ ယဉ်ကျေးမှုအရပါ…
ကျွန်တော်ယဉ်ကျေးမှုမှာတော့ အဆင်ပြေသလိုပေါ့၊
သူတို့အပြော လူမဆန်ဘူးဆိုတာဖြစ်နိုင်ပါတယ်။
နောက်တော့…
စကားပြောရင်းအိပ်ပျော်သွားတက်တဲ့ ဆေးရည်တွေနဲ့ ကခုန်နေလိုက်ပါတယ်
အဲ့ဒိရစ်မူးမှုမှာ ကဗျာတွေပါတယ်၊ နီကြောင်ကြောင်ရွှေဝါရောင်အရည်တွေပါတယ်၊
ဖန်စီဒိုင်းပါတယ်၊ ကိုကာကိုလာပါတယ် ၊ နောက်အတိတ်တွေပါတယ်။
ညတွေဟာ အနည်းဆုံး အိပ်မက်တွေထဲမှာတော့ လှသွားတက်ပါတယ်။
မလောင်ကျွမ်းလိုက်နိုင်ပါဘူးကွဲ့၊ မှိန်ဖျော့ဖျော့အရောင်တွေနဲ့ပဲ
တဖြေးဖြေး ပြောက်ကွယ်သွားပါစေ၊
သူမဆွဲဖွင့်သွားပြီးနောက် အဲ့ဒိ တစစ်စစ်မြည်သံတိုးတိုးလေးတွေနဲ့ပဲ
ကျွန်တော်ဟာ ပျောက်ကွယ်သွားမှာပါ…။
နောက်ပြီးတော့
အဲဒိမိုးရေစက်လေးတွေမှာ ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်ယုံကြည်နေတုန်းပဲ။
အောင်မြင့်မြတ်
[*]  အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေကလှလိုက်တာ…
ကိုယ့်မှာတရားနဲ့ ဖြေရတယ်…။
မောင်သိန်းဇော် (ရှုမျှော်ခင်း)

ဘဝဆိုတာ Titanic သင်္ဘောကြီးပါ
အထက်တန်းတွေ
အလည်လတ်တန်းတွေ
အနိမ့်တန်းတွေ
အဆင့်မြင့်ညစာစားပွဲတွေ
အပေါစားဝိုင်အရက်တွေ
အချစ်တွေ အမုန်းတွေ
အပြုံးတွေ အရှုံးတွေ
အပျော်ဆုံးဖြစ်အောင် ထွက်လာခဲ့ရတဲ့ခရီးပဲ
နောက်ဆုံးမှာ နစ်မြုတ်သွားမယ်ဆိုတာ ကို
သင်္ဘောတစ်ပတ်ပြန်စီးဖို့ အတွေးအခေါ်ကြီးနဲ့
ဖြေတွေး ဖြေတွေး ဖြေတွေး
ဖြည့်တွေးတဲ့လူကတွေး၊
မမြုတ်တော့မယ် သင်္ဘောကြီးစီးရမယ်လို့
စိတ်ကူး၊စိတ်ကူး၊စိတ်ကူး၊
ဒီသင်္ဘောကြီးကို ဖန်တီးတယ်ဆိုသူကို
ဆုတောင်းတဲ့ လူကတောင်း၊
သင်္ဘောဟာ မြုတ်ခဲ့မယ်ဆိုတာကို
သိခဲ့ရတဲ့ ငါတို့ဟာ…..

Jean-Paul Sartre ကို သိပါတယ်၊
Albert Camus ကိုသိပါတယ်
နေသာထိုင်သာရှိမယ်ထင်လို့
ဘုရားသခင်ကိုတောင် မုန်းပြစ်ခဲ့ပါသေးတယ်။
စောဒက တက်ခွင့်မရှိတော့တဲ့
အနီကဒ်တွေကြောင့်ကွင်းထဲက
လှည့်ထွက်ခဲ့ရတဲ့
နောက်တန်းတစ်ယောက်အလား
လှည့်ထွက်ခဲ့တဲ့နောက် သေချာသွားတာက
ငါတို့သေသေချာချာမပျော်ခဲ့ရပါဘူးကွယ်။
အရှုံးဆိုတာသေချာနေတဲ့ပွဲမှာ
အနိုင်ဆိုတာလည်းရှုံးနေဦးမှာပဲ။
ခပ်ဝေးဝေးက လက်ခုပ်သံကြား
တစ်ဖက်ကလဲ နိုင်နေတဲ့အရှုံးသမား
ငါနဲ့ငါ့ကြား သိနားလည်မှုနဲ့ရှုံးသွားတယ်
ဆင်ခြင်တုံတရား ငုတ်တုတ်ထားပြီး
သာယာလိုက်ဖို့လွယ်ပါတယ်။
အတွေးတွေနဲ့သတ်သေလိုက်ဖို့က
အတိတ်တွေအခိုင်အမာရှိပြီးသား၊
Wisky ဆိုတာ အတွေးအခေါ်ကာကွယ်ဆေးတစ်မျိုးပဲ
တည်ငြိမ်စွာ လွင့်ပြတ်နေတဲ့ သတ်သေလိုစိတ်တွေဟာ
ငြိမ်သက်နေတဲ့တွင်းဆုံးထဲကြသွား
ညတွေမှာ များသွားတဲ့ဆိုတဲ့စကားက များလာတယ်
ဘဝတွေမှာရော ခါးသွားတယ်ဆိုတဲ့အတိတ်က
ပိုခါးလာတာပဲမဟုတ်လား။
များများတွေးပါ ဆေးဆိုတာခါးတယ်ပြောဦးမလို့လား။
ဆင်ခြေလျှောဆန်တဲ့လမ်းတွေကြား အမဲလိုက်ကကြိုးတွေနဲ့
အပြေးအလွှား။
၂၁ရာစုရဲ့သုခမြို့တော်ဟာရော ဒီကမ္ဘာကြီးလား
အသက်ဆက်ရှင်ဖို့လိုအပ်ချက်က ဘာဆိုလား
လူပြောတော့များသား….။

သာမာန်ညနေခင်းတစ်ခုပါ။ ကျွန်တော်ထိုင်နေမိတဲ့နေရာက မြို့ပြလေထုနဲ့ မတူခဲ့တာတော့အမှန်ပဲ။ အေးစိမ့်စိမ့်ဖြစ်နေတဲ့လေရဲ့အတွေ့က တစ်စုံတစ်ခုကိုတွေးတောစေချင်နေတာတော့အမှန်ပဲ။ ကျွန်တော်ရယ်လို့စသိခဲ့ရတဲ့နေရာနဲ့မတူတဲ့ တကယ့်မြို့ပြတောနက်ထဲက လမ်းတွေမှာဖြေးဖြေးနှေးနှေး တစ်နေ့နေ့တွေလျှောက်နေပေမဲ့။တစ်ခါတစ်ခါအရာရာကနေရုန်းထွက်ပြီး ကျွန်တော် ငြိမ်သက်ပြစ်လိုက်ခြင်တယ် မျက်နှာမူထားတဲ့အရှေ့က ရေပြင်ကြီးလိုပေါ့။ ဒါဟာ လက်မခံနိုင်ခြင်းတွေပြည့်နေတဲ့ အလွမ်းဇာတ်ဝင်ခန်း မဟုတ်ပါဘူး။ သာမာန်ညနေခင်းတစ်ခုမှညနေခင်းတစ်ပါပဲ။ ရွှေဝါရောင်သန်းလာတဲ့နေရောင်နဲ့အတူတူ   ပြန်လည်တူးဖော်ရေလုပ်ငန်းစဉ်းတွေဟာ အလုပ်လုပ်လာပါတယ်မျက်နှာကိုခပ်ပြင်းပြင်း ဖြတ်တိုက်သွားတဲ့လေနဲ့အတူတူ မျက်လုံးကိုမှိတ်ထားလိုက်ပါတယ်။အတိတ်တွေဟာ ပြန်လည်တူးဖော်ရေး လုပ်ငန်းစဉ်အတိုင်း အစီအစဉ်မကြ ရှင်သန်လာပြန်ခဲ့ပါပြီ။
ကျွန်တော် ၄၄ ယဉ်လိုင်းကို ဂိတ်စကနေနောက်ဆုံးစီးဖြစ်တဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက်က ညနေခင်းတစ်ခုမှာ ရွှေရောင်တွေတောက်ပနေခဲ့တဲ့ နေရောင်နဲ့အတူတူ ကျွန်တော်ဟာ မြူခိုးတွေကြားမှာ ထိုင်းမှိုင်းနေခဲ့တဲ့ညနေခင်း တစ်ခုပေါ့။ အဲ့ဒိတုန်းက ကျွန်တော်စီးခဲ့တာဟာ နောက်ဆုံးစီးဖြစ်ခဲ့ခြင်းဖြစ်မယ်ဆိုတာသိခဲ့ရင် အဲ့ဒိအချိန်ကခံစား မှုထက်နက်နဲတဲ့ခံစားမှုတစ်ခုခုရှိနေမှာပါ။ကျွန်တော်ရယ်လို့ ကိုယ့်ကိုယ်ကို စမိတ်ဆက်ခဲ့တဲ့နေ့ရက်တွေမှာ ဆူညံညံ ဖြစ် နေတက်တဲ့ရပ်ကွက်လေးရယ်။ကျွန်တော့်အဖိုးနဲ့အတူတူခေါက်သိမ်းခဲ့ဖူးတဲ့   ရေပိုက်အနီရောင်လေးတွေရယ်ပါမှာပါ။ ကျွန်တော်အမှတ်မိနိုင်ဆုံးငယ်ငယ်တုန်းက ကျွန်တော်အိမ်လေးတစ်လုံးထဲမှာ အဖိုး၊အဖွားနဲ့အတူ နေထိုင်ရတာများပါတယ်။ အခုပြန်လာနေတာကတော့ ကျွန်တော့်ကိုခွဲသွားတာလအချို့ရှိပြီဖြစ်တဲ့ အဖိုးအိပ်စက်အနားယူနေခဲ့တဲ့ နေရာလေးကပါ။ သူဟာ ကျွန်တော်ကိုကျွန်တော်သေသေချာချာမှတ်မိလာတဲ့ အချိန်မှာ ရပ်ကွက်လေးထဲမှာ ရေပိုက်အပျော့လေးတွေနဲ့ လိုက်ဆက်ပြီး ရေလိုက်ထည့်နေပါပြီ။ ငယ်ငယ်က ဝက်အူလှည့်တစ်ခြောင်းနဲ့မွှေတက်လွန်းတဲ့ ကျွန်တော့်ကို အဖွားဟာ အဖိုးရေထည့်တဲ့နောက်ကို လိုက်စေပါတယ် ဒါဟာ ကျွန်တော့်ဘဝရဲ့ နားလည်တက်ဆုံးလူတစ်ယောက်ရှိလာစေတာပဲ။ကျွန်တော်ကသာမန် ကလေးတစ်ယောက်ပါ။ လိမ်ပြောတက်တာရယ်၊စိတ်ကောက်တက်တာရယ်က ဝိသေဿလက္ခဏာဆိုရင်လဲရတာပေါ့။ နောက်ဇွဲလဲသိပ်မရှိဘူး။ သူနဲ့လျှောက်သွားပြီး သူ့ပိုက်ဆံတွေနဲ့ ဝေဖာ၊ရေခဲမုန့် အစရှိတာတွေကို များစွားစားသောက်ခဲ့သူတစ်ဦးပါ။ အပြန်ဆိုလက်ပိစိလေးတွေနဲ့ သူ့ရေပိုက်တွေကို ကိုတန်းလန်းဆွဲပြီး အိမ်ပြန်တက်တဲ့ မြေးအဖိုးအပေါ့။ အဲ့ဒိတုန်းက ကမ္ဘာကြီးမှာ အဖိုးရဲ့ရေပိုက်တွေရယ်။ ကစားစရာတွေရယ်၊သရေစာမုန့်တွေရယ်၊နောက်ကျွန်တော်မုန်းတဲ့ ကော်ပတ်ရုပ်တွေရယ် ဟာ ကမ္ဘာကြီးလို့ယုံကြည်နေဘူးတာ။ကျောင်းဆင်းညနေတိုင်းမှာ သူနဲ့အတူ ရေပိုက်တွေလိုက်ဖြုတ်ရတာကိုးက ပျော်စရာဖြစ်နေတာ။အဖွားကပြောတက်တက်တာက စိတ်ပုတ်မြေးအဖိုးတွေလို့ပြောတက်ပါတယ်။ အဖိုးဟာလည်း ကျွန်တော့်နည်းတူ ခဏခဏစိတ်ကောက်တက်တယ်လို့အဖွားကဆိုပါတယ်။ နောက်ပိုင်းမှာသူကိုယ်တိုင်ကျွန်တော့်ကို အားနေဂိမ်းသွားဆော့ခိုင်းရာကနေ ဂိမ်းဂျပိုးဖြစ်လာခဲ့ပါတယ်။ သူကပြောဘူးပါတယ် သူဂိမ်းဆော့နေတဲ့ကလေးတွေကြည့်ရတာဇွဲပိုရှိသလိုပဲဆိုပြီး ကျွန်တော့်ကို ဂိမ်းဆော့စေခဲ့တာပါ။ ဒီလိုနဲ့ Nitendo Game ထဲက ဇာတ်ကောင်တွေရယ်၊ အဖိုးရေပိုက်တွေရယ်၊သရေစာမုန့်တွေရယ်၊ အဖွားလုပ်ကျွေးတဲ့ဂျယ်လီကျောက်ကြော တွေဟာကမ္ဘာကြီးဖြစ်လာခဲ့ပါတယ်။
နှစ်အတော်များများကြာလာတဲ့အခါ Play Station တစ်လုံးနဲ့ Winning Eleven ဂိမ်းကို 24 နာရီမှာ ရသလောက်ဆော့တက်တဲ့ရှစ်တန်းကျောင်းသားဘဝကို ရောက်လာခဲ့ပါတယ်။
အဲ့ဒိရက်ပိုင်းတွေမှာ အဖိုးဟာ ညရှစ်နာရီတိုင်းစိတ်မဝင်စားဖို့ကောင်းတဲ့သတင်းကို ကျွန်တော့်ကိုစာကျက်စေလိုသောကြောင့် နိုင်ငံတကာသတင်းအထိထိုင်ကြည့်ပါတယ်။ အဲ့ဒိနေ့ရက်တွေမှာတော့ Play Station ထဲက Winng Eleven Game ရယ်၊ Network Game ဆိုင်က Couter Strike Game ရယ် Paris အညိုရောင် စီးကရက်တွေရယ်၊ဘုမသိဘမသိ(နည်းနည်းတော့သိ) ရထားတဲ့ရည်းစားကောင်မလေးရယ်၊နောက် Fighter အမည်ရအောင် ဖြစ်တဲ့ ကျောင်းအပြန်ထိုးကြိတ်ပွဲတွေဟာ ကမ္ဘာတစ်ခုလို့ယုံကြည်နေခဲ့တာပါ။အဖိုးနဲ့အတူ နာရီတွေလေးငါးလုံးဝယ်ဖူးပါတယ်။နောက်ပြီး အတင်းပူစာပြီးသူငယ်ခြင်းတွေကိုင်တဲ့ mp3 ကိုတူတူသွားဝယ်ဖူးပါတယ်။ အဖိုးနဲ့အတူတူ အိမ်နားကရုပ်ရှင်ရုံမှာ လူတွေ(အဖိုးသူငယ်ခြင်းတွေ)မတွေ့အောင်ခိုးပြီး ရုပ်ရှင်သွားကြည့်ဘူးပါတယ်။အဖိုးကိုလူတစ်ချို့က အမျိုးမျိုးပြောကြပါတယ်။အဖိုးကို စိတ်ထားပြတ်သားတယ်တယ် စိတ်ကြီးတယ်လို့လဲပြောကြပါတယ်။ အဖိုးဟာတကယ်တော့တိတ်တိတ်လေးတော့ ကြေကွဲတက်ပါတယ်။ နောက်ပြီးကြင်လဲကြင်နာတက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ သူဟာပြီးပြည့်စုံတဲ့ ဖခင်မေတ္တာပေးစွမ်းခဲ့တဲ့လူတစ်ယောက်ပါ။ ကျွန်တော်ကျောင်းမှယာယီအထုတ်ခံရသောအခါ စိတ်ကြီးလွန်းသောအဖိုးဟာ မျက်ရည်ကျခဲ့ဘူးပါတယ်။ကျွန်တော့်ကောင်မလေးကိုပေးဖို့ရေးထားတဲ့စာကိုဖတ်ပြီးအဖိုးဟာ အားရပါးရရယ်ခဲ့ဖူးပါတယ်။ ကျွန်တော့်အခန်းလေးထဲကနေပြီး အဖိုးကို ခင်ဗျား အထိသုံးနှုန်းပြီး ရန်ဖြစ်ခဲ့ဘူးပါတယ်။အိမ်ပေါ်ကဆင်းတယ်ဆိုပြီး တစ်ယောက်ထဲ အမေ့စီထွက်သွားခဲ့ဖူးပါတယ်။ အဖိုးဟာအရာရာနားလည်ပေးဆုံးသောလူတစ်ယောက်ပါ။ တစ်ချို့သောလသာတဲ့ညတွေမှာ ငယ်ငယ်ကခွေးခြေခုံလေးနဲ့တူတူပွတ်သီးပွတ်သက်နေဖူးတဲ့အဖိုးဟာ ၊တူတူပျော်ဖူး၊သားအရင်းနဲ့မခြားမေတ္တာတွေပေးခဲ့တဲ့အဖိုးကို ကျွန်တော်ကတိတွေပေးပြီး ဆေးလိပ်တွေဖြတ်၊ ဂိမ်းကစားတာတွေကိုရပ်ပြီး ကိုးတန်းစာမေးပွဲများအပြီးမှာ တော့ ကျွန်တော်မသိလိုက်ရတဲ့အဖြစ်အပျက်တစ်ချို့နဲ့အတူ အရိုးအထူးကဆေးရုံကြီးမှာ ခုံပေါ်ကပြုတ်ကြရာမှ တက်ရောက်နေကြောင်း သိရပြီးနောက် ဆေးရုံမှာ စိတ်ဓါတ်ကြနေတဲ့အဖိုးကို တွေ့လိုက်ခဲ့ရပါတယ်။ ရောဂါအတော်များများကျော်လွှားဘူးတဲ့အဖိုးဟာ အခုအချိန်မှာ အရိုးကြိုးတာလောက်ကို အလွယ်တစ်ကူကျော်လွှားနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ခွဲစိတ်မှုတွေ နောက်ပြီး သူ့ရောဂါတွေနဲ့ အဖိုးဟာ ကျန်းမာရေးဟာတစ်ရက်ထက်တစ်ရက်ဆိုးဝါးလာခဲ့ရပါတယ်။ နောက်ပိုင်းရက်တွေမှာ
လေးခြောင်းထောက်နဲ့လမ်းပြန်လှောက်လာတဲ့အထိ ညာဘက်ပုခုံးကိုအားပြုစေပြီး ဝှီးချဲကို တွန်းပြီး အဖိုးနဲ့နွေကျောင်းပိတ်ရက်တော်တော်များများကို ကျွန်တော်တို့ ရန်တွေဖြစ်ကြတယ်၊ မြေးလေးရယ် ဟိုဘက်လှည့်ချင်လို့ဆိုတဲ့ စကားကို အိပ်ယာပေါ်မှအဖိုးဟာ အကြိမ်ကြိမ်ပြောပြီးအကူအညီတောင်းခဲ့ရပါတယ်။ မနက်ဆိုအိပ်ယာအစောကြီးထတက်တဲ့အဖိုးအိပ်ရေးဝဖို့ သူ့အိပ်ယာနားက နာရီကို ခိုးပြီးနောက်ကျ ထားဘူးပါတယ်။ တစ်ခုသောညရှစ်နာရီသတင်းအသံကိုကြာတော့ အဖိုးဟာ နာရီကိုနောက်ကြထားမှန်းသိပြီး စိတ်ဆိုးပါတယ်။ပူတက်အိုက်တက် တဲ့အဖိုးအိပ်ယာနားမှာ တစ်အိမ်လုံးနဲ့ရန်ဖြစ်ပြီးပန်ကာတစ်လုံးတက်ပေးခဲ့ပါတယ်။ နောက်ပြီး နေမကောင်းတဲ့ အဖိုးရင်အုပ်ကြီးကြီးထဲတိုးပြီး စိတ်ညစ်တာတွေကို ငိုဖူးပါတယ်။တစ်ခုသောApril လရဲ့နေ့တစ်ချို့မှာ အဖိုးကျန်းမာရေးဟာ ဆိုးဝါးလာပြီးတစ်ညလုံး သတိမေ့နေတဲ့အထိဖြစ်နေခဲ့ပါတယ်။
အဲ့ဒိမနက်ခင်းဟာ ကျွန်တော့်အဖိုးနဲ့နောက်ဆုံးမနက်ခင်းဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဘယ်လိုမှနောက်ပြောင်နေနိုင်ခဲ့မှာမဟုတ်ပါဘူး။ တစ်ရက်လုံးသတိလစ်နေပြီးနောက်နေ့မနက်မှာ အဖိုးဟာ သတိပြန်ရလာပါတယ်။ သွားတိုက်မျက်နှာသစ်လုပ်ခြင်တယ်ပြောလို့ သွားတိုက်တံနဲ့ခွက်ကို ယူပြီး အဖိုးသွားတိုက်နေတုန်း ကျွန်တော်နောက်တော့ အဖိုးဟာပြုံးနေခဲ့ပါသေးတယ်။ ကျွန်တော်နဲ့တူတူဆန်ပြုတ်စားပြီးနောက်အိပ်ယာထဲလှဲချင်းတယ်ပြောပြီး သိပ်မကြာခင်နေ့လည်ခင်းခုမှာ ကျွန်တော့်ကမ္ဘာကြီးက ထွက်ခွာသွားပါတယ်။ ကျွန်တော်မြူခိုးတွေနဲ့ဝေဝါးသလိုဖြစ်နေခဲ့ပါတယ်။ကျွန်တော့်ဘဝရဲ့ကိစ္စအတော်များများ အဖိုးအုပ်ဂူလေးမှာ သွားပြောဖူးပါတယ်။ အဖွားက နာရီလှလှလေးတစ်လုံးဝယ်ပေးကြောင်း၊ Camera ပါတဲ့ JXD လေးတစ်လုံးရကြောင်း၊အဖိုးဖြစ်စေခြင်သလိုဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်ရတော့မှာဖြစ်ကြောင်း ၊ ဦးလေးအမျိုးသမီး သားလေးတစ်ယောက်ထက်မွေးလို့ အဖိုးနောက်ထက်မြေးအထီးလေး တစ်ကောင်ရပြီးဖြစ်ကြောင်း၊ အဖိုးမြေးဆေးလိပ်လုံးဝမသောက်တော့ကြောင်းပြောပြနေခဲ့ပါတယ်။ လက်မခံနိုင်ခြင်းတွေနဲ့ အမှတ် ၄၄ လိုင်းကားဂိတ်ဆုံးမှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ အတော်လျှောက်ရင်ရောက်တဲ့ အဖိုးရဲ့အုပ်ဂူလေးမှာ အမြဲတမ်းသန့်ရှင်းရေးတွေလုပ်ဆေးတွေသုတ် စကားတွေပြောနဲ့ သင်္ချိုင်းစောင့်တွေနဲ့ရင်းနှီးလာခဲ့တဲ့အထိပါပဲ။

တကယ့်ဘဝလမ်းတွေက မြေပုံကားချပ်တွေနဲ့မတူခဲ့ပါဘူး အဲ့ဒိရွှေရောင်တောက်နေတဲ့ညနေခင်းတခုတုန်း အဖိုးစီကပြန်လာခဲ့ပြီးဘဝထဲကလမ်းတွေမှာလျှောက်လှမ်းနေခဲ့တာ ၊ မြင်နိုင်တဲ့အကွာအဝေးတွေမမြင်နိုင်တဲ့နီးကပ်မှုတွေ နောက်ပြီး ရဟတ်စီးခဲ့သလို အတက်တွေ၊အကျတွေ၊အနိမ့်အမြင့်တွေ ကွေ့ကောက်မှုတွေနဲ့ စကားလုံးတွေနဲ့ဖော်ပြမရနိုင်တဲ့ အနေအထားတွေမှာ အခုလိုမျက်နှာကိုလေတွေခပ်ပြင်းပြင်းဖြတ်တိုက်နေခဲ့ မြို့ပြလေထုနဲ့ကွာတဲ့ အခုလိုတိတ်တိတ်ဆိတ်ဆိတ်နေရာလေးမှာ လာထိုင်ပြီး ခဏလေးအမောဖြေနေတက်ပါတယ်။ အဖိုးစီမရောက်နိုင်ပေမဲ့၊ အဖိုးကိုပြောချင်တဲ့စကားလေးတွေကတော့ အစီအတန်းလေးရှိနေပါတယ်၊ အဖိုးမြေးလူကြီးဖြစ်ပြီးဆိုတဲ့အကြောင်း၊
ဂိမ်းတော့တစ်ခါတစ်လေပြန်ဆော့ပေမဲ့၊ဆေးလိပ်တော့ လုံးဝမသောက်တော့ကြောင်းဘဝထဲမှာ အတက်နိုင်ဆုံး မလိမ်မညာဖြစ်အောင်နေကြောင်း၊၊ တစ်နေ့မှာ တစ်ခုခုဖြစ်နေဖို့ ပြီးပြည့်စုံနေဖို့ယုံကြည်ကြောင်း၊ဒီနေ့ဟာတန်ဆောင်မုန်း လပြည့်နေဖြစ်ကြောင်း ငယ်ငယ်ကလမ်းထဲမှာ ကလစ်ကလစ်မြည်တဲ့ မီးထွန်းပြီးတွန်းရတဲ့ ယုန်ရုပ်လေးတွန်းတာသတိရကြောင်း၊ ပြီးပြည့်စုံခဲ့တဲ့ညနေခင်းတစ်ခုမှာ အဖိုးရှိနေတဲ့ အုပ်ဂူလေးကိုရောက်လာဦးမယ်ဆိုတဲ့အကြောင်း တွေပြောပြချင်ပါတယ်။အဖိုးဟာငြိမ်းချမ်းစွာ အိပ်စက်ခဲ့ပါပြီ။ ကျွန်တော့် ဘဝထဲမှာတော့ အဖိုးနဲ့ပက်သတ်တဲ့မှတ်ဉာဏ်တွေဟာ အမြဲနိုးကြားနေဦးမှာပါ။ အပြန်လမ်းမှာရှေ့ဆက်ရင်ဆိုင်ရမဲ့ အနာဂါတ်မုန်တိုင်းတွေအတွက်အံကြိတ်အားတင်းရင်း မီးတွေအစီအရီထွန်းထားတဲ့ မြေးငယ်လေးတစ်ယောက်ထဲလမ်းတွေထဲမှာလျှောက်လာဖြစ်နေတော့ပါတယ်။

တသက်လုံးစာစီစာကုံးမှာ သင်၏အဖေအကြောင်းစာစီကုံးပါဆိုသည်များကို လုပ်ကြံရေးသားခဲ့ပါတယ်။ ဘဝမှာ အဖေဆိုတာ ကို အလုံးအထည်နဲ့ မပိုင်ဆိုင်ခဲ့ပေမဲ့ အဖေတစ်ယောက်အတိုင်းအပြည့်အဝ မှတ်ဉာဏ်ထဲမှာကျန်ရှိနေသေးတဲ့အဖိုးအတွက် ဒါဟာ တကယ်ကို ကျွန်တော်၏ဖေဖေဆိုတဲ့စာစီစာကုံးဖြစ်ခဲ့မှာပါ။

အောင်မြင့်မြတ်ထွန်း။

ထိုအရာများသည်လည်းကောင်း
ဖြစ်တည်မှုများသည်လည်းကောင်း
ထိုအရများကို ၂၁ရာစုတွင်တော့ အချစ်ဟုခေါ်ဆိုခဲ့ကြသည်. . . .။
ထိုအချစ်သည်လည်းကောင်း . . . . .
ထိုအချိန်များသည်လည်းကောင်း
ကျွန်တော်လိုက်၍မမှီခဲ့သော . . .
ရထားကြီးတစ်စဉ်းမျှသာ . . . .
ယခုတော့ အရှိန်အဟုန်ဖြင့်
ခုတ်မောင်းလျှက် . . . .(ကြယ်ကြွေနံနက်ခင်း ၁မှ)

ကျွန်တော်ဟာ ပင်လယ်သေလို့ဝင်စားခဲ့တဲ့ငါးတစ်ကောင်ပဲ။ ကြည့်ပါဦး အလွမ်းတွေက ဟိုးကောင်းကင်အထိ ကျယ်ပြန့်လာလိုက်တာ
အလွမ်းဆိုတာကိုဖော်ပြဖို့တောင် လွမ်းနေရတော့မယ်။နောက်ပြီး မနက်ဖြန်၊မနက်ဖြန်၊မနက်ဖြန်….
ကျွန်တော်ဟာ Mocha Coffee ကို ရောParami Taxi ကိုရောလွမ်းနေခဲ့တယ်။။
အနာဂါတ်ဆိုပြီး ကျိုးပဲ့သွားတဲ့ ဘလိတ်ဓါးလေးတွေက ကျွန်တော်ကိုယ်တိုင်ပဲလေ။ နောက်ပြီး
ကျွန်တော့်ကိုကျွန်တော်ကိုယ်ကျွန်တော့ကိုပိုင်အမှတ်ကိုနှိပ်လိုက်တယ်….
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပတ်မှာတပ်ဆင်ထားချင်းမရှိသေးပါဘူးဆိုတာကို
အမျိုးသမီးတစ်ယောက်က ဘာသာစကားအမျိုးစုံနဲ့ပြောပြနေတာ ငါးတစ်ကောင်ဆိုတော့
အတွက်သူ့စကားလုံးမှာ ယဉ်ကျေးမှုပါသွားလား အတော်စဉ်စားယူရမယ်။ ကျွန်တော်ဟာဒီကဗျာနဲ့အတူပြန့်ကျဲလိုက်တယ်။
နောက်အခုလိုပြန့်ကျဲသွားတဲ့စကားလုံးတွေက ဘယ်နေရာမှာပြန်ဆုံမှာလဲ၊မြစ်တွေထဲလား၊ချောင်းတွေထဲလား၊
ပင်လယ်ကြီးလား၊ ဒီထက်ကျယ်ပြန့်သေးလား။ နောက်တိမ်တိုက်တွေတွေ နောက်ရွာချမှုတွေ လည်ပတ်မှုတွေ၊
ဒါဟာအလွမ်းတွေပဲ။ပြီးတော့ အနည်းငယ်စုပ်ယူပြီး သွေးကြောထဲထိုးသွင်းလိုက်တယ်။
ဒါဟာ ဒါဟာ ဒါဟာ ကဗျာဆရာတစ်ယောက်ရဲ့ မူးယစ်မှုပဲ။ပြီးတော့ပြီးတော့ပြီးတော့…. ညတွေ။
ဟော..လင်းလာပြီ၊ဒါဟာ သောကြာနေ့ဖြစ်နေခဲ့တယ်၊ဒါဟာ ကျွန်တော်ဖြစ်နေခဲ့တာ ကျွန်တော်လို့ အခုမှသိတယ်။
ကျွန်တော့်မှာ မနက်ဖြန်တုန်းကသေဆုံးသွားတဲ့ အနာဂါတ်တစ်ချို့ရှိတယ်။တကယ်တကယ် အချစ်ဆိုတာ ဘဝထဲမှာ
အဖန်ငါးရာငါးကမ္ဘာပဲ။ကိုယ်ပိုင်ယုံကြည်မှုနဲ့ သတ်သေဖြစ်သွားတဲ့အနာဂါတ်တွေအကြောင်းအရောင်မှိန်ဇာတ်ဝင်ခန်းတွေ
ပစ္စုပ္ပန်မှာနောက်ကြောင်းပြန်နေတာ ကျွန်တော်ပဲ။ ကျွန်တော်ဟာ ပိုဆိုက်ဒွန်း(poseidon)ရဲ့ ကျယ်ပြန်ခဲ့မှုမှာ တိမ်မြုတ်နေချင်ပါတယ်။နောက်ပြီးသူမထံမှာနစ်မြုတ်ခဲ့ဘူးတဲ့ပင်လည်တစ်ခုပါပဲ။ ဒါကို ဖြေစရာ ရှာမတွေ့ခဲ့ရဘူး။ဒီလိုနဲ့တရားဟောကကြိုးတွေနဲ့ကခုန်နေလိုက်တာ အချိန်တွေ ကြာသွားခဲ့တယ်။သူမ မသိတာက ကျွန်တော့်နာရီကို ကျွန်တော်ဟာ ညနေခင်းတစ်ခုမှာ ရပ်တန့်ထားလိုက်တာ။နာရီတွေဟာ အိပ်ရေးပျက်နေတာကြာပြီ။ သူတို့ဟာ ကျွန်တော့်အတွက်အနားယူသွားခဲ့ပါတယ်။ ခင်ဗျားမသိတဲ့အရာထဲက တစ်ခုအဖြစ် ရပ်တန့်မှုကို လက်ခံပေးလိုက်ပါ။ကျွန်တော်သိနေခဲ့တဲ့ ကိစ္စတစ်ခုက ကျွန်တော့်နာရီလက်တံလေးကို အဲ့ညနေခင်းမှာကျွန်တော်ကိုယ်တိုင်ရပ်တန့်ပြစ်ခဲ့ပါတယ်။
ခင်ဗျားအပါအဝင်အရာရာဟာဆက်လက်ရှိနေခဲ့ပါတယ်။ကျေးဇူးပြု၍ဘဝထဲမှာ ခပ်တိုးတိုးလေးနေပေးပါလား။ ကျွန်တော့်နာရီလေးအိပ်ပျော်နေခဲ့လို့ပါ။
နောက်သေချာနေခဲ့တာက အခုဟာညနေခင်းတစ်ခုဖြစ်နေခဲ့ပြန်တာပဲ။

အောင်မြင့်မြတ်။

အရာရာထွန်းကားတဲ့ခေတ်ကြီးမှာ၊
အချစ်ဆိုတာ လူပြောများလာတယ်၊
ပါဝင်မှုနှစ်မျိုးရှိတယ်၊လိင်နဲ့ရမ္မက်၊
ဒီလောက်နဲ့ကျေနပ်ခဲ့ကြ။ အလင်းနဲ့အမှောင်ကြားစမ်းတဝါးဝါး
အသက်ရှူတော့
ခင်ဗျားလဲ မနက်ဖြန်မနက်မှာ
အားပြန်သွင်းရမဲ့လူသားပဲလေ။
ငါတို့…ထွန်းကားခဲ့ကြ၊
ငါတို့…တိတ်ဆိတ်ခဲ့ကြ၊
ငါတို့…ဖန်တီးခဲ့ကြ၊
ငါတို့…ဖျက်စီးခဲ့ကြ။
ငါ့တို့…ပျက်စီးခဲ့ရ။
အနီရောင်ကောင်းကင် ကြီးကိုမော့ကြည့်လိုက်ပါ၊
ဘယ်လောက်လှတဲ့လျှပ်စီးတွေရှိလဲ၊
AD2000လောက်စိမ်းလန်းမှုတွေမှာ… အံ့သြဟန်ပါသွားသလား
စက်ရုပ်တစ်ကောင်ငြီးသံခပ်သဲ့သဲ့ကြား…။
ဒီလအဆုပ်မှာတပ်ထားတယ့်မီတာbillလာတယ်၊
အောက်ဆီဂျင်ဓျေးတက်မယ်ဆိုလားပဲ၊
အသက်လျှော့ရှူဖို့အကြောင်းပြချက်က
ဘာဆိုလားပဲပေါ့။
တရားဟောcyborgဟာ သူဟာဘုရားသခင်ကိုယုံကြည်ကြောင်း
သူ့ဖန်ဆင်းရှင်များအားတရားဟောဖို့ထွက်ခွာသွားလေရဲ့။
နှစ်သစ်ကူးတွေမှာ Nuclear ဗုန်းဖောက်မှုများအား
cybrogငယ်များ အပြင်းအထန်တားမြစ်ခံရ။
အချစ်ဆိုသည်မှာ လူပြောများသည့် လိင်ရမ္မက်သက်သက်ဟု
လေ့လာရေးcyborgတစ်ကောင်သက်သေပြ။
ချောင်တစ်ချောင်မှာဆရာဟန်ဆောင်နေတဲ့
Hackerတစ်ကောင်က ပြုံးပြ။
သူဟာစိမ်းလမ်းမှုတွေကိုမြတ်နိုးခဲ့လို့ဖြတ်စီးခဲ့ပါကြောင်း
ဂျိုလ်တုမှနေတဆင့်တောင်းပန်၊။
စက်ရုပ်မိခင်မှာသားနှစ်ယောက်အား…
အမှောင်လွှင့်တော့မယ်ကြေငြာနေပြီ၊ အိပ်တော့…..
အရာရာအမှောင်အတိ။
အောင်မြင့်မြတ်(အိပ်မက်မြို့တော်)

အဲ့ဒိညနေက သူအတော်တော်ပေါ့ပါးနေခဲ့တာပေါ့  AD 2010 ကို သန်းခြောက်ထောင်လုံး အနည်းဆုံးတော့အသံတစ်ချို့နဲ့ ရင်ခုန်ခဲ့မဲ့ညနေခင်းတစ်ခုပေါ့။  အဲ့ဒိတုန်းက သူရယ်၊ပြည့်ဖြိုးအောင်ဆိုသူရယ်၊ရဲသူဆိုသူ ရယ်အပါအဝင် ကိုအေးမျိုး၊ကိုမင်းမင်းတို့အရက်သောက်ဖို့ တာဆူနေကြပြီ။တစ်ခါက ကိုမင်းမင်း မွေးနေ့တုန်းက အဲ့လိုလူစုလူဝေးနဲ့သောက်ဘူးတယ်။အသံတွေညံပြီး ဟာဘာပြောကောင်းမလဲပွဲတွေကြမ်း ဥသြတွေ ဆွဲတဲ့လူကဆွဲနဲ့။ ကိုမင်းမင်း ကတော့ မွေးနေ့မရောက်ခင်၃၆၄ ရက် အလိုကနေ မွေးနေ့ကျော်၃၆၄ ရက်အထိ အရက်ကို အကြောင်းပြချက်ပေးပြီးသောက်ပါတယ်။ သူ့မွေးနေ့တစ်ရက်ထဲကတော့ ဘာပြောကောင်းမလဲ လူတွေစုပြီးမူးကြတာပေါ့။ နောက်၁လလောက်အထိ ကိုမင်းHappy Birthday လိုက်နောက်ရင် မျက်နှာကြီးမဲ့ပြီးထွက်ပြေးလောက်တဲ့အထိ အဲ့လိုဒုက္ခပေးထားတာ။ ဒီလူတွေနဲ့သူနဲ့ရင်းနှီးသွားပုံကလဲ အဆန်းသား၊ ရန်ကုန်မှာတုန်းက လမ်းတွေ့ရင်တောင် ရယ်ပြရကောင်းမှန်းမသိအောင် လောက်ပဲ သိတဲ့လူတွေ၊ ကိုမင်းနဲ့ပြည့်ဖြိုးအောင်ဆိုသိတောင်မသိဘူး။အခုလိုခင်သွားတာက အန္တရာယ်တစ်ခုကို အတူလက်ဆွဲနှုတ်ဆက်ကာ ဘဝတစ်ခုစီအတွက် ခရီး အတူတူ ထွက်လာခဲ့ကြရာကနေခင်သွားကြတာ ခရီးရဲ့ကြမ်းတမ်းမှုတို့၊လူသားခြင်းစာနာခဲ့မှုတို့ကြောင့်သာ သူတို့ဒီလောက်ရင်းနှီးသွားတာ၊ အဖွဲ့ထဲမှာကလဲ သူ့ရူးသွမ်းမှုလေးတွေ သူ့ အကြင့်လေးတွေနဲ့ သူ ပြည့်ဖြိုးအောင်က တွေ့ကရာခြင်းကွင်းမှာ တွေ့ကရာလူနဲ့ခြင်းခတ်တက်တဲ့ကောင်၊   ခြင်းခတ်ပြီဆိုသူ့လေမုန်တိုင်းတိုက်တာလဲခံရသေးတယ်၊   ခြင်းခတ်တာတော်တော့လဲတော်ပါတယ်၊ရဲသူကြတော့ Gamer အားနေ Game ဆော့ဖို့ပဲကြံစည်နေတာ။သူကတော့ ကွန်ပြူတာတစ်လုံးနဲ့ အားနေဘာတွေလုပ်နေမှန်းမသိတဲ့ကောင်။သူတို့သုံးယောက်ကတော့ အသက်တူတွေသိပ်မကွာလို့လားတော့မသိဘူး၊ဝါသနာတွေတူကြတယ်၊ တောင်နှစ်လုံးလောက် အတက်အဆင်းလုပ်ပြီးမှ   ရောက်တဲ့စာကြည့်တိုက်က စာအုပ်အကုန်ကို ဖတ်စရာမရှိတော့လောက်အောင်အတူငှားပြီးဖတ်ဘူးတဲ့ကောင်တွေ။ကိုမင်းကကြတော့ Instrument အိုးကွဲ၊ အနှုပညာမျိုးရိုးကွ ဗိုလ်ကလေးသားကွလို့ပြောပြီး လက်ဆောင်ရထားတဲ့ဂစ်တစ်လက်ကို တစ်နေကုန်ထိုင်တီး၊ဝါးဒုတ်နှစ်ချောင်းရှာDrumတီးတဲ့လူ၊သူ့ Drum Skill ကတော့ လူအတော်များများချီးမကြူးပဲမနေနိုင်လောက်အောင်ကို ကောင်းတာ။ကိုအေးမျိုးကကြတော့ဆံပင်ညှပ်ဆရာ၊အားနေ ဟိုနားတိဒီနားညှပ်ကိုသူသာမရှိရင် တစ်ဖွဲ့လုံးချီးဗူးဆံပင်ပုံစံနဲ့ဖြစ်နေကြမှာ။ အဲ့တစ်ဖွဲ့လုံးဟာ ရင်ခုန်စွာနဲ့နှစ်သစ်ကိုကြိုဆိုဖို့ ချက်ပြုတ်သူကပြုတ် တောင်တွေကျော်ပြီး အရက်ပုလင်းတွေသွားဝယ်တဲ့ကောင်ကသွားဝယ်၊အတော်အလုပ်ရှုပ်နေတဲ့December 31 ရက်။ပုလင်းသံတွေဗူးသံတွေနဲ့ ဘယ်သူမှမစခင် သူတို့လူအုပ်ကမူးနှင့်နေပြီ၊ အော်ဟစ်နေပြီး တစ်ယောက်နဲ့တစ်ဖတ်တွေနမ်း လမ်းဘေးထွက်သီချင်းဆိုနဲ့ အတော်သောင်းကြမ်းလိုက်ကြတယ်။ခိုက်ခိုက်တုန်အောင် အေးနေတဲ့ December သုံးဆယ့်တစ်ရက်ရဲ့ မြူတွေကြနေတဲ့ တောင်ပေါ်မှာ အင်္ကျီတွေ ချွတ်ပြီး Guitar တီးနေတက်တဲ့ လူတစ်စုပျော်ရွှင်နေခဲ့ပါတယ်။
AD2010 မှာတော့ သူတို့အခုလိုပျော်ရွှင်ဖွယ်အချိန်တွေ မရှိသလောက်ရှားပါးခဲ့ရတယ်။ပြည့်ဖြိုးအောင်က အရင်ဆုံးအကြောင်းပြချက်ခိုင်မာမာမပေးပဲ ဘုန်းကြီးဝတ်သွားတယ်၊ ဆက်ဆံရေးက တစ်မျိုးဖြစ်ခဲ့သွားတယ်။ ကိုမင်းမင်းကတော့ပုံမှန်ပါပဲ။ ဒီလိုနဲ့လက်ငါးချောင်းမပြည့်တဲ့ လအပိုင်းအခြားလေးထဲမှာ သူတို့ ကိုယ်စီ အရောင်မှိန်ခဲ့တဲ့ အိပ်မက်တွေကို ထုတ်သိမ်းပြီး အိမ်ပြန်ခဲ့ကြပါတယ်၊ အရင်ဆုံးပြန်သွားသူက ရဲသူ၊ နောက် သူ ၊နောက်ကိုမင်းမင်း၊ နောက်ပြည့်ဖြိုးအောင်၊ကိုအေးမျိုးကတော့ အစောထဲက ခပ်စိမ်းစိမ်းနေတက်သူပါ၊သူတစ်ယောက်ပဲ တခြားတစ်နေရာဆက်ထွက်မယ်ဆိုပြီးကျန်ရစ်နေခဲ့ပါတယ်။
ဒီအတိတ်လေးက ပုံမှန်ဆိုဒီလိုနဲ့အဆုံးသတ်သွားမှာပါ၊ထူးခြားမှုတစ်ခုက AD2011 ရဲ့ January မနက်ခင်းတစ်ခုမှာ မြူတွေဝေနေတဲ့တောင်ထိပ်မှာ လူတစ်ယောက်ရပ်နေခဲ့ပါတယ်။ပစ္စုပ္ပန်ထက် အတိတ်ပိုဆန်တဲ့ လူတစ်ယောက်ဟာ ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂါတ်တစ်ခုကိုကိုင်ပြီးတောင်ထိပ်မှာ ရှိနေခဲ့ပါတယ်။ အရင်လိုနွေးထွေးမှုမျိုးမရှိပဲ ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့တောင်ထိပ်မှာ အရင်တုန်းကလိုနွေးထွေးမှုမျိုး ကင်းမဲ့သွားတဲ့မြင်ကွင်းတွေနဲ့ထိုင်ကြည့်နေခဲ့ပါတယ်။သူဟာ မကြာမကြာဒီတောင်ထိပ်ကိုရောက်ခဲ့ပါတယ်။တစ်ခါတုန်းက ဖြစ်ရှိခဲ့တဲ့နွေးထွေးမှုမျိုးကို အသေအချာသိမ်ထားခဲ့တဲ့ လူတစ်ယောက်အဖြစ်သူရှိနေခဲ့ပါတယ်။ သူတို့နဲ့တစ်ခါက နေညိုတိမ်တောက်ချိန်တွေမှာ ဝါးလုံးတွေနဲ့အတူတူဆောက်ဘူးသောခုံတန်းရှည်ပေါ်အတူထိုင်တက်တဲ့ ညီအငယ်ဆုံးတစ်ယောက် သူတို့ကိုသတိရနေကြောင်း သူတို့သိကောင်းသိနေနိုင်ပါတယ်။
ကိုမင်းမင်း၊ရဲသူ၊ပြည့်ဖြိုးအောင်၊ကိုအေးမျိုး၊ တစ်ခါကသူငယ်ခြင်း၊ညီအကိုထက်ပိုခဲ့သော၊အကိုများသို့အမှတ်တရ။ -အောင်မြင့်မြတ်-

ခင်ဗျားဟာ ကြယ်တွေကို
ထိုင်ကြည့်ပြီးရေတွက်နေမှာမဟုတ်မှန်း
ကျွန်တော်သိနေပါတယ်။
ခင်ဗျားဟာ မနက်ဖြန်ဆိုတာကြီးကို
စိတ်အားထက်သန်ခဲ့တာကိုလဲ
ကျွန်တော်သိနေခဲ့ပါတယ်။
ခင်ဗျားဟာ ဘဝအာမခံချက်ဆိုကြီးကို
လုံးလည်ချာလည်မျှော်လင့်တက်တဲ့
ဖြစ်တည်ခဲ့မှုတစ်ခုပါပဲ…။
ခင်ဗျားဟာ ကျွန်တော့်ရင်ခွင်မှာ
ပျံဝဲပါ၊တေးဆိုပါ၊မြူးတူးပျော်ပါးစွာ
ဆော့ကစားပါ………………..။
ခင်ဗျားအတွက်အိမ်ပြန်ချိန်တွေ
စိမ်းစိုခဲ့မှာပါ……..။

Author Profile

About The Author

လင်ကွန်းကလမ်းလျှောက်
နှေးတယ်ဒါပေမဲ့တည့်တည့်ပဲ
လျှောက်တယ်(တဲ့)။ဘယ်လို
တည့်တည့် လျှောက်လျှောက်ပါ၊
တကယ်တော့ ဘယ်အရာမှ
မဖြောင့်ခဲ့ပါဘူး။ဖြေးဖြေးနှေးနှေးနဲ့
ဦးတည်ရာတစ်ခုခုကိုလျှောက်ခဲ့
မိတာပါပဲ။ ပန်းတိုင်ရှိမယ်ဆိုတဲ့
ယုံကြည်ချက်ကို အင်အားဖြည့်ပေး
နေတက်တယ်။ဘဝ ဆိုတာ
အစီစဉ်တကျ ကြည့်ကောင်းအောင်
ဖြစ်ပျက်နေတဲ့ရုပ်ရှင်တကား မဟုတ်ခဲ့
မှန်းလည်း ကျွန်တော်သိတယ်။
ဒါဟာ ပင်လယ်ဆိုပေမဲ့လည်း
ပုံပြင်တွေထဲကလို အဖြစ်အပျက်မျိုးကို
ဆင်ခြင်တုံတရားကျော်လွန်ပြီး
မျှော်လင့်မိတတ်တယ်။
ငယ်ငယ်က ရဟတ်စီးခဲ့သလိုပဲ
အကျတွေအတက်တွေ၊
အနိမ့်တွေအမြင့်တွေ၊ နောက်ပြီး
မြင်နိုင်တဲ့အကွာအဝေးတွေ
မမြင်နိုင်တဲ့အကွာအဝေးတွေ၊
မမြင်နိုင်တဲ့နီးကပ်မှုတွေ၊
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အလင်း
အမှောင်တွေနဲ့ ကျွန်တော့်အခန်းကိုယ်
စီရင်ခဲ့တဲ့လူတစ်ယောက်ပဲ။
တနေ့နေ့တော့ တစ်ခုခုဟာ
ဖြစ်လာခဲ့မှာပါ.။

Followers

Blog Archive

On Facebook

Creative Commons License The City Of Dream by AungMyintMyat is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.Based on a work at www.aungmyintmyat.net. Permissions beyond the scope of this license may be available at aungmyintmyat@aungmyintmyat.net.