သူမက ကလေးခပ်ဆန်ဆန်ရယ်ပါ၊ ကျွန်တော်နဲ့စသိတုန်းက ကျွန်တော့်ကို
အကြောင်းပြချက် တစ်စုံတရာမပေးပဲ ကြည့်မရကြောင်းကိုကျွန်တော်ပြန် သိစေလောက်
အောင်ကြည့်မရတဲ့လူ။ အဲ့ဒိတုန်းက သူမရဲ့မှာ
ချစ်သူရှိသေးတယ်၊ သူ့ကိုသီးသီးသန့်သန့် မဟုတ်တောင် သတိထားမိစေလောက်တာက
သူ့အသံဆိုပါတော့။ ချစ်ဖို့ကောင်းတယ် ဆိုတာထက်
သေးငယ်မှုတစ်ခုကိုဖော်ပြတယ် တပြိုင်နက်ထဲ အဲ့ဒိသေးငယ်မှုက တစ်ကမ္ဘာလုံး
သိမ်းနိုင်တဲ့အင်အားလေးတွေပါနေတယ်။ ကျွန်တော် ရာဇဝင်ထဲက
မိန်းမကြောင့်ဖြစ်တဲ့ စစ်ပွဲတွေကို နားလည်စပြုလာတာ
သူ့ကြောင့်လို့ပြောရင်ပိုမှန်မလားပဲ
မြင်းစီသူရဲကောင်းတွေအကြောင်း၊ဂျူးလိယက်ဆီဇာအကြောင်း နောက်ပီး ဆူးပါတဲ့ နှင်းဆီပန်းတွေအကြောင်းပေါ့။
ကျွန်တော်မှတ်မိနေသေးတဲ့နှစ်အတော်ကြာ
ညနေတစ်ရက်က အမေက နှင်းဆီပန်းတွေဘေးက အဆူးတွေ ဓါးပါးလေးနဲ့ရှင်း
ထုတ်နေခဲ့တယ်အမေ့ကို မေးမိတာက ဘာလို့နှင်းဆီပန်းကို ဓါးနဲ့ခြစ်နေတာလဲ
သူတို့နာမှာပေါ့လို့ပြောတော့အမေက ပန်းတွေမှာခံစားချက်မရှိဘူး
လို့ပြန်ဖြေခဲ့တယ်၊ ကျွန်တော်က စောဒကတက်ပြီး ဒါပေမဲ့သူ့ဟာနဂိုရှိတဲ့ဟာတွေ
ဖျက်စီးပြစ်ပီး ပိုင်ဆိုင်ဖြစ်ရတာမျိုးထပ် သူ့ဆူးတွေကို
လက်ထဲတင်းတင်းဆုပ်ကိုင်ပီး ပိုင်ဆိုင်ပြစ်လိုက်တာမျိုးက
ပိုသတ္တိရှိတဲ့ ကိစ္စဖြစ်မလားပဲဆိုတော့ အမေက
ရုပ်ရှင်သိပ်မကြည့်နဲ့လိုပြောပြီးထွက်သွားတယ်။
ရန်ကုန်မြို့ရဲ့
အထပ်မြင့်အဆောက်အအုံတစ်ခုအပေါ်ဆုံးထပ်ကနေလမ်းမတွေလှမ်းကြည့်
ရင်းသူ့ကိုမေးမိတယ်၊ သူ့ချစ်သူနဲ့ဘယ်လိုပျက်သွားတာလဲဆိုတော့သူမက
ဒီလိုပါပဲ ဆိုတာကလွဲလို့
အကြောင်းပြချက်တစ်စုံတစ်ခုမပေးသွားခဲ့ဘူး။ကျွန်တော်ဆင်ခြင်တုံတရား
နဲ့အတူ နှင်းဆီပန်းခင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နောက်ပြီး
အဲ့ဒိကမ္ဘာကိုသိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့အဏာရှိ
သေးကွေးမှုလေးနဲ့အတူတူ ကျွန်တော့်စီကလှည့်ထွက်သွားတယ်။အဲ့ဒိနေ့က ကားပေါ်က
ဖွင့်ထားတဲ့ ပျောက်ဆုံးသွားတဲ့ မနက်ခင်းဆိုတဲ့ သီချင်းကို လှမ်းပြီးMute
ခလုပ်ကို နှိပ်မိသွားတယ်။
မနက်ခင်းတွေပြန်တွေ့ပြီဆိုတဲ့အပြုံးမျိုးနဲ့ပေါ့။
ဒါဟာ ဆစ္စဖှက် ရဲ့ နောက်ဆုံးကျောက်တုံး
လို့မျှော်လင့်မိတဲ့အပြုံးမျိုးဆိုတာနောက်မှသိလိုက်ရတယ်။
ကျောက်တုံးတစ်တုံးကို
တောင်ရဲ့ထိပ်ဖျားကိုမနားမနေတွန်းတင်နေဖို့ နတ်ဘုရားတွေက ဆစ္စဖှက်ကို
အမိန့်ပေးလိုက်တယ်၊ တောင်ထိပ်ကိုရောက်မဲ့အချိန်မှာကျောက်တုံးဟာ
ကိုယ်ပိုင်အလေးချိန်နဲ့ တောင်အောက်ကိုပြန်ကျသွားမယ်။ နတ်ဘုရားတွေက
ထင်ခဲ့ပုံပါပဲအရာရာ အချည်းနှီးဖြစ်ပြီး မျှော်လင့်ချက်တွေ
တစ်စစီသေဆုံးသွားတာမျိုး ဒီထက် ဆိုးရွားတဲ့ကြောက်မက်စရာ အပြစ်ဒဏ်မျိုး
မရှိတော့ဘူးဆိုပြီးတော့ပေါ့။ [*]
ဆစ္စဖှက်
အကြောင်းဖတ်မိတော့အချစ်ဆိုတဲ့အရာနဲ့ အတော်တူတယ်ဆိုပီးစဉ်းစားမိ သေးတယ်
နောက်တော့ဒီလိုလဲမဟုတ်ပြန်ဘူး၊ဒါက တစ်ဦးတစ်ယောက် ပိုင်အပြစ်ဖြစ်ခဲ့တဲ့
အတွက် ကိုယ့်ဟာကိုပဲ ဆစ္စဖှက်သေသွားပီးလို့ဝင်စားသလိုလို၊ငရဲပြည်ကနေပဲ
ခဏ တစ်ဘဝလောက်တာဝန်နဲ့ခွင့်ရသလိုလိုဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော့်
အတွက်တော့အချစ်ဟာ ဆစ္စဖှက်ရဲ့ဘဝလိုပါပဲ။
ဒီလိုနဲ့ January
နှောင်းပိုင်းမှာကျွန်တော်နဲ့ အဲ့ဒိနှင်းဆီခင်းလေး ချစ်သူတွေဖြစ်သွားကြတယ်။
သူက စာသင်တဲ့ကျွန်တော့်ကိုဆရာ အကိုလို့ခေါ်ပြီး သူ့ကို ကျွန်တော်က
နာမည်အနောက်မှာ သေးငယ်မှုတစ်ခုထည့်ပြီးခေါ်ဖြစ်တယ်၊တစ်ခါတစ်လေလဲ မိန်းမလေး
လို့နောက်ပီးခေါ်တက်တယ်။ သူပြောတဲ့ကိုက်ပြစ်မှာ နော်ဆိုတဲ့စကားက Disney
Land က ဇာတ်ကောင်တွေထပ် မှော်ဆန်ဆန်ပြောနိုင်တယ်။
အဲ့ဒိကိုက်ပြစ်မှာနော်ဆိုတာကြီးကfairy tale ကြီးတစ်ခုထပ် ပိုပီး စိတ်ကူးယဉ်ဆန်တယ်။
February
ရဲ့ Valentine day မှာတော့ ဆူးရှိတဲ့နှင်းဆီခင်းလေးတစ်ခုဆိုတာသူမ
ကိုယ်တိုင် မေ့လျှော့ကိုင်တွယ်မိတဲ့ ကျွန်တော့်ကို
လက်ကသွေးစက်အချို့နဲ့အတူသတိပေးသွားတယ်။
ဖုန်းတွေဆက်တယ်၊
နောက်ပြီးနှင်းဆီခင်းလေးကလဲခံစားချက်ရှိကြောင်းပြောတယ်၊ အမေ့
ကိုတောင်ပြောမိသေးတယ် အမေမှားတယ်လို့ ပန်းတွေမှာခံစားချက်ရှိကြတယ်လို့။
အဲ့ဒိခံစားချက်ရှိနေတဲ့နှင်းဆီဆူးတွေကို
ကျွန်တော်အားတင်းပီးဆုပ်ကိုင်လိုက်မိတယ်၊စက္ကန့်နဲ့အမျှ
သွေးတွေဆုံးရှုံးနေရတယ်ဆိုတဲ့အခါ အားအင်တွေနည်းလာတယ်
နှင်းဆီခင်းလေးကိုအားတင်ဆုပ်ကိုင်ဖို့၊ နောက်ပြီး ကျွန်တော်လက်တွေကို
ကိုယ်တိုင်မခံစားနိုင်တဲ့အချိန်ကားပေါ်မှာ သီချင်းလေးတစ်ပုဒ်ပွင့်လာတယ်၊
“မျှော်လင့်ခြင်းနဲ့ ဖမ်းဆုတ်ထားတဲ့ လက်တွေအားမဲ့သွားပီကွယ် “ အဲ့ဒိစာသား
အရောက်မှာ အရာရာအရှုံးပေးလိုက်မိတယ်။ ဟုတ်တယ်လေ တကယ်ကိုပဲကျွန်တော်
အားမဲ့သွားပီ။ နောက်ပြီး သူမကို တန်ဖိုးအတိုင်းပြန်ထားလိုက်ဖြစ်တယ်
နောက်လူတစ်ယောက်ဆုပ်ကိုင်နေပြီဆိုတဲ့အခါ ကျွန်တော့်လို
နောက်ဆုံးတစ်ယောက်နဲ့ ဘယ်လိုဖြစ်လဲမေးရင်တော့သူမ ဒီလိုပါပဲလို့
ဖြေဦးမယ်လို့ထင်ပါတယ်။
အပြန်လမ်းမှာ ကားပေါ်မှာ
ပျောက်ဆုံးသွားတဲ့မနက်ခင်းသီချင်းက ထပ်ပွင့်လာတယ်။
အသံနည်းနည်းထပ်ချဲ့ပြီး၊
အရှိန်ခပ်ပြင်းပြင်းမောင်းထွက်သွားတာကိုမြေအောက်ကမ္ဘာက ဆစ္စဖှက်တစ်ယောက်တော့
နှင်းဆီပန်းတွေကိုင်ပီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေမလားပဲ။
အောင်မြင့်မြတ် (အိပ်မက်ထဲကမြို့တော်)
Posted by
AungMyintMyat
Comments (0)